မကွေး ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများက နည်းပညာတက္ကသိုလ်(မကွေး)တွင် ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဥပဒေ အရာရှိများ၊ နည်းပညာတက္ကသိုလ်(မကွေး) ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသည့် အတိုင်း လူငယ်များ အသိပညာကြွယ်ဝဖို့ဟာ အနာဂါတ် နိုင်ငံတော်အတွက် အလွန်အရေးကြီးပါ ကြောင်း၊ အခုဆိုရင် နိုင်ငံတော်ကလည်း လူငယ်တွေကို အသိပညာဗဟုသုတတွေနဲ့ ပြည့်စုံဖို့ ဘက်ပေါင်းစုံကနေ ဆောင်ရွက်နေတာဖြစ်ပြီး၊ မကြာသေးခင်ကပဲ လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆) ကို နေပြည်တော်မှာ စည်ကားစွာကျင်းပခဲ့ကြောင်း၊ လူငယ်တွေဟာ နိုင်ငံတော်အတွက် အရေးပါ မှုတွေ၊ နိုင်ငံတော်အရေးတွေမှာပါ လူငယ်တွေ ဘယ်လိုပါဝင်နိုင်တယ် ဆိုတာတွေ သိထားကြပြီ ဖြစ်တဲ့အတွက် ဗဟုသုတတွေနဲ့ ပြည့်စုံနေဖို့ လိုအပ်သလို ဥပဒေအကြောင်း သိဖို့လည်း အရေးကြီးပါကြောင်း၊ လူငယ်တွေဟာ အင်တာနက်ကိုသုံးကာ လောင်းကစားတွေ လုပ်နေကြတဲ့ ဖြစ်ရပ်တွေလည်းရှိနေပြီး၊ အွန်လိုင်း လောင်းကစားတွေရဲ့ ဆိုးကျိုးနဲ့ အရေးယူနိုင်တဲ့ ဥပဒေတွေ အကြောင်း၊ နောက်ပြီး အွန်လိုင်းဂိမ်းတွေ ဆော့ကစားမှုကြောင့် ဘာကိုမှ စိတ်မပါပဲ တက္ကသိုလ် ကျောင်းမပြီးပဲ စာမေးပွဲတွေကျပြီး လမ်းဘေးရောက်တဲ့ ဖြစ်ရပ်တွေလည်း ရှိနေကာ၊ ဒါတွေကို သိထားပြီး မလုပ်သင့်တာတွေ မလုပ်ကြဖို့ အရေးကြီးပါကြောင်း၊ ပြည်သူတွေအားလုံးက လူ့ကျင့် ဝတ်နဲ့အညီ နေထိုင်လုပ်ကိုင် နေကြမယ်ဆိုရင် ဥပဒေတွေ ပေါ်ပေါက်လာမှာ မဟုတ်ကြောင်း၊ လူတိုင်း ကိုယ်ကျင့် တရားကောင်းမွန်ပြီး ကျင့်ဝတ်နဲ့အညီ နေထိုင်လုပ်ကိုင်သူတွေ မဟုတ်ကြသလို ဥပဒေဆိုတာကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုများပြားလာတဲ့ ပုဒ်မတွေနဲ့ ဆောင်ရွက်နေကြရတာ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် ပြဋ္ဌန်းထားသည့် တည်ဆဲ ဥပဒေများကို နိုင်ငံသူ၊ နိုင်ငံသား အားလုံးတို့သာမက ယင်းနိုင်ငံ၏ နယ်နိမိတ်အတွင်း ရောက်ရှိနေကြသည့် နိုင်ငံသားမဟုတ်သူများပါ လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရေးသည် ဒီမိုကရေစီစနစ် ရှင်သန် ဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်ရေးတို့အတွက် အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါကြောင်း၊ လူငယ်ဘဝမှာ အခုလို ကျင်းပတဲ့ ဟောပြောပွဲတွေကနေ အသိပညာတွေ များစွာ ရှာမှီးကာ၊ စာအုပ်စာပေတွေကနေလည်း လေ့လာသင်ယူကြပြီး၊ အသိပညာ၊ အတတ်ပညာ တွေနဲ့ ပြည့်ဝတဲ့ စဉ်းစားတတ်တဲ့ လူကောင်း လူတော်တွေ ဖြစ်လာကြပြီး အနာဂါတ်ရဲ့ နိုင်ငံတော်ကို အကောင်းဆုံး ဖြစ်အောင် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်အောင် ကြိုးစားကြ စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေက ဥပဒေအကြောင်း အသိပညာ ပြန့်ပွားရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး၊ ဥပဒေအကြောင်း အသိပညာပြန့်ပွားရေးအတွက် နည်းပညာတက္ကသိုလ်(မကွေး) ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များ၊ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ ခေတ်ကာလနှင့် လျော်ညီစွာ ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေ အရာရှိများက ဥပဒေအကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောပို့ချခဲ့ကြောင်း သိရသည်။



