မကွေး ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မှ ဆရာတော်ကြီးများ၊ ထေရ်ကြီး ဝါကြီး၊ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာတော်ကြီးများအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆေးကုသပေးခြင်းကို ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်ပိုင်းက တိုင်းပြည်သူ့ဆေးရုံကြီး(မကွေး)၌ ဆောင်ရွက်ပေးလျှက်ရှိရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက ကုသိုလ်ယူအခမဲ့ဆေးကုသပေးနေမှုအား လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ ဆေးကုသပေးရာတွင် မကွေးတိုင်းပြည်သူဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ကိုကိုနိုင်၏ ဦးဆောင်မှုဖြင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိအထူးကု ဆရာဝန်ကြီးများ၊ အထွေထွေရောဂါကု သမားတော်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက မကွေးတိုင်းအတွင်းရှိ နိုင်ငံတော် ဩဝါဒါ စရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအပါအဝင် သီလရှင်များအား ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ဆေးဝါးကုသခြင်း၊ ECGစက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးခြင်းနှင့် ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော ဆရာတော်သံဃာတော် ကြီးများနှင့် သီလရှင်ဆရာကြီးများအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီးနှင့် သင်ကြားရေးဆေးရုံကြီး တို့၌ တက်ရောက်ကုသနိုင်ရေး ဆောင်ရွက်ပေးပြီး၊ ဆရာတော်သံဃာ့တော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်၍ လှူဖွယ်ဝတ္တူများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ဆောင်ပေးမှုဖြင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ အထွေထွေရောဂါကု ဆေးရုံကြီးများ၌ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃာ့ဝန်ဆောင် ဆရာတော်ကြီး များနှင့် သီလရှင်ဆရာကြီးများအား အခမဲ့ဆေးဝါးကုသပေးခြင်းများအပြင် နိုင်ငံ့ဝန်ထမ်းပင်စင် စားများကိုလည်း အခမဲ့ဆေးဝါးကုသပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။





