မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မ‌ကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အကြို‌လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်

မ‌ကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အကြို‌လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်

မကွေး     ဖေဖော်ဝါရီ     ၆

          သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ် (မကွေး)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား အကြို‌လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်‌မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံ ကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

          ဘွဲ့နှင်းသဘင်အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က ယနေ့ အချိန်အခါသည် Information and Communication Technology (ICT) ခေတ်ဖြစ်သည်နှင့် အညီ ကမ္ဘာတစ်ဝှမ်းလုံးတွင် IT နည်းပညာ၏ တိုးတက်ပြောင်းလဲမှုသည် နိုင်ငံတိုင်း၏ စီးပွားရေး၊ လူမှုရေး တိုးတက်မှုများတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပါကြောင်း၊ ဒီကနေ့ နိုင်ငံတော်ကို ပြည်တွင်းပြည်ပမှ အတတ်ပညာနဲ့ အရင်းအနှီးများ ဖိတ်ခေါ်ပြီး စီးပွားရေး တိုးတက်လာအောင် လုပ်ဆောင်မှုမှာ ယခုလိုအရေးပါလှတဲ့ ကွန်ပျူတာအသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့တဲ့အတွက် ကွန်ပျူတာတက္ကသိုလ်များဟာ နိုင်ငံတော်ရဲ့ အလိုအပ်ဆုံး အခြေခံကောင်းများကို ပြုစုပျိုးထောင်မွေးထုတ်ပေးရာ ဘူမိနက်သန် အောင်မြေ တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှသာ အမျိုးသားစီးပွားရေး ဘဝကိုမြှင့်တင်နိုင်မှာ ဖြစ်သလို နိုင်ငံနှင့် လူမျိုး ထာဝရရှင်သန် ရပ်တည်နိုင်ရေးအတွက် အဖက်ဖက်မှ မြင့်မားတဲ့စွမ်းရည်နဲ့ စွမ်းအားတွေကို တည်ဆောက်ကြရမယ့်အပြင် မိမိတိုင်းပြည်ကို ချစ်မြတ်နိုး တန်ဖိုးထားတဲ့စိတ်၊ ကိုယ်လူမျိုးကိုယ်ချစ်တဲ့စိတ်တွေ ရှိကြဖို့လည်း အထူးလိုအပ်ပါကြောင်း၊ မြင့်မားတဲ့စွမ်းရည်နဲ့ စွမ်းအားတွေပြည့်စုံတဲ့ နိုင်ငံမှသာလျှင် ဒီကနေ့ ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ရပ်တည်နိုင်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေနိုင်မှာ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းရင်းသား ပြည်သူအားလုံး၏ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် မိမိတို့၏ မျိုးဆက်သစ် နောင်လာနောက်သားများ လက်ထက်အထိ ရေရှည်အကျိုး ဖြစ်ထွန်းရေးအတွက် ကိုယ့်ခွန်ကိုယ့်အားဖြင့် ကြိုးပမ်းအားထုတ်ကြရမှာဖြစ်ကြောင်း၊ အထူးသဖြင့် စီးပွားရေးကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ထောင်ရာတွင် IT သည် အခြေခံစွမ်းအားစုတစ်ခုဖြစ်ပါကြောင်း၊ မျိုးဆက်သစ်လူငယ်များသည် ပညာခေတ်ကြီးထဲတွင် နောက်ကျကျန်မနေတော့ဘဲ ကမ္ဘာ့ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများကို မျက်ခြေမပြတ် လေ့လာစူးစမ်းနိုင်ပြီဖြစ်ကြောင်း၊ ယနေ့ကမ္ဘာဟာ Globalization ခေတ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် IT ကို အသုံးချပြီး တစ်နေရာမှ တစ်နေရာ၊ နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံလွယ်ကူစွာ ကူးလူးဆက်သွယ်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်လာကြကြောင်း၊ နိုင်ငံတကာနှင့် ရင်ဘောင် တန်း၍ ယှဉ်ပြိုင်နိုင်ရန် IT ကိုအသုံးချပြီး အားကြိုးမာန်တက် ဆောင်ရွက်လျှက်ရှိနေကြပြီး ပြည်တွင်း ပြည်ပမှ အတတ်ပညာများ ရရှိရေးတွင်လည်း IT သည် အဓိကပင်ဖြစ်ပါကြောင်း၊ IT ပညာဖွံ့ဖြိုး တိုးတက်ရေးနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေးသည် လူသားအရင်းအမြစ် စွမ်းဆောင်နိုင်အားကို အပြည့်အဝအသုံးကျအောင် လုပ်ဆောင်ခြင်း(Making full use of Human Resource) သည်သာလျှင် အဓိကအချက်ဖြစ်သည်နှင့် အညီ အရည်အချင်းပြည့်မီသော IT ပညာရှင်များ ရရှိလာအောင် ကြိုစားသင်ကြားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

          ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး) (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အကြို လေ့ကျင့်ခြင်းကို  ဆောက်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ ကွန်ပျူတာတက္ကသိုလ်(မကွေး)အနေဖြင့် အစိုးရကွန်ပျူတာ ကောလိပ်အဖြစ်စတင် တည်ထောင်ခဲ့သည့် ၂၀၀၀ ခုနှစ်မှ စတင်၍ ၂၀၂၄ ခုနှစ်အထိ ကွန်ပျူတာ ဒီပလိုမာနှင့်ဘွဲ့ရ စုစုပေါင်း (၃၁၄၅)ဦးကို မွေးထုတ်ပေးခဲ့ပြီး၊ (၁၅) ကြိမ်မြောက် ယခုနှစ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် တက်ရောက်(၈၁)ဦးနှင့် အဝေးရောက်(၁၂)ဦး စုစုပေါင်း (၉၃)ဦးတို့အား မဟာကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာသိပ္ပံဘွဲ့နှင့် ကွန်ပျူတာနည်းပညာဘွဲ့ တို့ကို အသီးသီး ချီးမြှင့်အပ်နှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းစစ် အတန်းများ နှစ်ဆုံး စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးကာ၊ လိုအပ်သည်များ ပံ့ပိုးပေးခဲ့ ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း