မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆေးတက္ကသိုလ်(မကွေး) “မောင်မယ်သစ်လွင်ကြိုဆိုပွဲ” အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆေးတက္ကသိုလ်(မကွေး) “မောင်မယ်သစ်လွင်ကြိုဆိုပွဲ” အခမ်းအနားသို့ တက်ရောက်

မကွေး     ဖေဖော်ဝါရီ      ၈

          မကွေးတိုင်းဒေသကြီး မကွေးမြို့ ဆေးတက္ကသိုလ်(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ လ ၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သစ်လွင်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ ဆေးတက္ကသိုလ်(မကွေး) ကျောင်းသား၊ ကျောင်းသူများက “ရွှေသုန္ဒရီ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အနာဂတ်ရဲ့ ဆေးပညာရှင် မျိုးဆက်သစ်များကို ဒီခန်းမကြီးထဲမှာ စုစုစည်းစည်း တက်တက်ကြွကြွနဲ့ တွေ့မြင်ရတဲ့အတွက် အထူး ဝမ်းသာပီတိဖြစ်မိကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသော ပြည်ထောင်စုနိုင်ငံကို တည် ထောင်ရာ၌ နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာပြည့်စုံရန် လိုအပ်သည်သာမက မိသားစု အသိုက်အမြုံကို ထိန်းသိမ်းမြှင့်တင်ပေးမည့်သူများ နိုင်ငံတော်၏ အနာဂတ်ကို လက်ဆင့်ကမ်း ပခုံးပြောင်း တာဝန်ယူကြမည့်သူများ၊ အထူးသဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးကြမည့်သူများသည် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အရည်အသွေးတိုးတက် ကောင်းမွန်အောင် ပျိုးထောင်ပေးနိုင်မှသာ ပြည်သူလူထု မိသားစုနှင့် နိုင်ငံတော်၏ အနာဂတ် လင်းလက်တောက်ပလာမည်ဖြစ်ပါကြောင်း၊ ယခုဆေးတက္ကသိုလ်သို့ တက်ရောက်နေသော သားတို့ သမီးတို့အနေဖြင့် ယခုအချိန်တွင် အမျိုးသားပညာရေးအရ ဆေးပညာကို လေ့လာဆည်းပူးသင်ယူ ကြပြီး နောင်တစ်ချိန်ဝယ် နိုင်ငံတော်၏ အမျိုးသားကျန်းမာရေးကဏ္ဍကို တစ်ထောင့်တစ်နေရာမှ တာဝန်ယူဆောင်ရွက်ကြမည့် ဆရာဝန်လောင်းလျာများပဲဖြစ်ပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေး ကဏ္ဍကို တာဝန်ယူဆောင်ရွက်ကြတဲ့နေရာမှာ အရည်အချင်းပြည့်ဝတဲ့ ဆရာဝန်ကောင်းများ ဖြစ်စေရန် ယခုအချိန်မှစ၍ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုတဲ့ ဗလငါးတန်နဲ့ ဖွံ့ဖြိုးတိုးတက်ပြည့်စုံတဲ့သူများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း၊ တိုးတက် ပြောင်းလဲ ယဉ်ကျေးသော လူ့အဖွဲ့အစည်းများက လည်း ယနေ့ခေတ် လူငယ်များကို လက်တွဲခေါ်ကာ မြေတောင်မြောက်ပေးလျှက်ရှိပြီး စည်းစနစ်ကျသော လူ့အဖွဲ့အစည်းအဖြစ် တိုးတက်စေရန် ရှေ့ဆောင်လမ်းပြ ဖော်ဆောင်ပေးလျှက်ရှိပါကြောင်း၊ နိုင်ငံလူဦးရေ၏ ၃၃.၈၁ ရာခိုင်နှုန်းသည် လူငယ်ထုဖြစ်၍ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်နိုင်မှသာလျှင် နိုင်ငံအတွက် အဆင့်မြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်ကို ရရှိနိုင်မည် ဖြစ်ပါ ကြောင်းနှင့် ဆေးတက္ကသိုလ် (မကွေး)တွင် တက်ရောက်ပညာသင်ကြားခွင့်ရရှိသော ကျောင်းသား/ ကျောင်းသူများရဲ့ မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားမှသည် တစ်နှစ်ထက်တစ်နှစ် အတန်းသစ် များတက်ပြီး ဘွဲ့နှင်းသဘင် အခမ်းအနားတိုင်အောင် ရောက်ရှိကာ နိုင်ငံတော်နှင့် ပြည်သူလူထုကို အလုပ်အကျွေးပြုသည့် ဆရာဝန်တော် ဆရာဝန် ကောင်းများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။

          ဆက်လက်၍ ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ် ဒေါက်တာခင်မာမြင့်က မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့် ပေးအပ်ကာ၊ ဆေးတက္ကသိုလ်(မကွေး)ကျောင်းသား၊ ကျောင်းသူများက စကားဝါမြေ၊ နှုတ်မဆက်ချင် ဘူး၊ သင်္ကြန်အကနှင့် ပြည်ထောင်စုရဲ့ ထာဝရအလှ စသည့် တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းနှင့် ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆု ငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း