မကွေး ဖေဖော်ဝါရီ ၁၂
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စု နေ့သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်အားကစားကွင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံ တပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းသား/ ကျောင်းသူများ၊ မကွေးသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများ၊ ကြက်ခြေနီ၊ မီးသတ်နှင့် လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူကာ အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်အလံအား အလေးပြု ကြပြီး ဂုဏ်ပြုတပ်ဖွဲမှ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကာ သစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှပေးပို့သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။




