မကွေး ဖေဖော်ဝါရီ ၁၂
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးခရိုင်အားကစားကွင်းတွင် ခင်းကျင်းပြသထားသည့် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုပြ ခန်းများဖြစ်သည့် တိုင်းရင်းသားပြည်သူများ၏ ရိုးရာယဉ်ကျေးမှုပြခန်းများ၊ ဟင်းသီးဟင်းရွက် သစ်သီး ဝလံပန်းမန်ပြခန်းများ၊ ဒေသထွက်စားသောက်ကုန်များနှင့် လက်မှုအနုပညာပြခန်းများအား ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ လာရောက်လေ့လာနေမှုကို ကြည့်ရှုအားပေးပြီး၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပန်းမန်ပြပွဲ၊ သီချင်း ဆိုပြိုင်ပွဲ၊ စာစီစာကုန်း/ပန်းချီ/ကဗျာရွတ်ဆို ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြု လုပ်ငန်းဆိုင်ရာ ပြခန်းများတွင် သတင်းနှင့်ပြန်ကြားရေး(၁)ခန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြခန်း(၂)ခန်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြခန်း(၇)ခန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြခန်း(၆)ခန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ပြခန်း(၄)ခန်း၊ တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှပြခန်း (၁)ခန်း၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနနှင့် မကွေးပညာရေး ဒီဂရီကောလိပ်မှ ပြခန်း (၂)ခန်း၊ အခြေခံပညာရေးဦးစီးဌာနမှ ပြခန်း(၄)ခန်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ပြခန်း (၂)ခန်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြခန်း(၄)ခန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြခန်း(၃)ခန်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှပြခန်း(၂)ခန်းနှင့် ဆေးခန်း(၁)ခန်း စုစုပေါင်း ပြခန်း(၃၉)ခန်း ခင်းကျင်းပြသ ထားသည့်အပြင် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။







