မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လင် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လင် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

မကွေး ဖေဖော်ဝါရီ ၁၈

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်အနားကို ယနေ့နံနက်ပိုင်းကမကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ချင်းအမျိုးသားနေ့အဖြစ် ရွေးချယ်သတ်မှတ် ခဲ့တဲ့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ဟာ နယ်ချဲ့တော်လှန်ရေး ချင်းတိုင်းရင်းသားခေါင်းဆောင်များနှင့် ချင်းတိုင်းရင်းသားပြည်သူများက ကန်ပက်လက်မြို့၌ အင်္ဂလိပ်ကိုလိုနီ အုပ်ချုပ်ရေးအကြီးအကဲ များကို ဆန့်ကျင်မောင်းထုတ်ခဲ့တဲ့ သမိုင်းဝင်နေ့ရက် တစ်ရက်ဖြစ်ပါကြောင်း၊ ၁၉၄၈ ခုနှစ်၊ ဖလမ်းမြို့ လူထုအစည်းအဝေးပွဲမှ ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းကာ ဒေသန္တရဒီမိုကရေစီ အုပ်ချုပ် ရေးစနစ်ကို ကျင့်သုံးဖော်ဆောင်ပေးနိုင်ခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကို “ချင်းအမျိုးသားနေ့” အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြပြီး ဂုဏ်ယူစွာဖြင့် အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ၇၈ နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံး ခဲ့ရချိန်မှာလည်း တိုင်းရင်းသားအားလုံးရဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ပြန်လည်ရယူနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်ထောင်စုကြီးရေရှည်တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး တို့အတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြသော နိုင်ငံတော်အတွက်ထာဝရ ဂုဏ်ယူလေးစား နေရတဲ့ ချင်းတိုင်းရင်းသား မျိုးချစ်သူရဲကောင်းများစွာ သမိုင်းထင်ကျန်ရစ်ခဲ့ကြသည်မှာ ချင်းပြည်နယ် နှင့် ချင်းတိုင်းရင်းသားများအတွက် ဂုဏ်ယူလေးစားဖွယ်ဂုဏ်ဒြပ်များပင် ဖြစ်ပါကြောင်း၊ မကွေးတိုင်း ဒေသကြီးဟာ သဘာဝကဖန်တီးပေးထားတဲ့ သယံဇာတအခြေခံကောင်းများစွာရှိပြီးဖြစ်ရာ သဘာဝ အလှတရားများနှင့် သယံဇာတထွက်ကုန်များကို အခြေပြု၍ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ပါက ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့် အလမ်းများတိုးတက်လာမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း မကွေးတိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်အစီအမံများ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၇၈)နှစ် မြောက် ချင်းအမျိုးသားနေ့မှသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်ထိန်း သိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေး၊ထာဝရငြိမ်းချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် အခြားသောတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နှင့် အတူပူးပေါင်းဆောင်ရွက်ကြစလိုကြောင်း ပြောကြားသည်။

          ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး မကွေးပညာရေးဒီဂရီကောလိပ်မှကျောင်းသား/သူလေးများနှင့် မင်းဘူး၊ ငဖဲ၊ စေတုတ္တရာ မြို့နယ် များမှ အရှိုချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ တိုင်းရင်းသား/သူများက အောင်ချင်း ငှက်၊စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်၊ပြည်ထောင်စုအင်အား၊အရှိုလမ်း၊ ပွဲတော်၊ သာယာသည့် အရှိုပျို့နန်း ၊သာယာသည့်ချင်းရွာလေး၊ တောင်ပေါ်မြေ၊ ချင်းအက၊ ချစ်တဲ့တောင်ဇလပ်နှင့် ချင်းတောင်တန်း၊ စည်းလုံးကြပါစို့ စသည့် တေးသီချင်းများဖြင့်ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူ တို့ကဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် တိုင်းရင်းသား/သူများအားဂုဏ်ပြုဆုများ ချီးမြှင့်ပးအပ်ကာ၊ တိုင်းရင်း သားရေးရာဝန်ကြီးဌာနမှ ခင်းကျင်းပြသထားသော ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ရိုးရာ အဝတ်အစားများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းပြခန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ကလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း