မကွေး ဖေဖော်ဝါရီ ၂၀
အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)အနေဖြင့် “ မြန်မာနိုင်ငံနှင့် ဒေသအတွင်း ဦးဆောင် သောအခြေခံကျန်းမာရေးတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်ရန်” ဟူသော မြင့်မားသည့် မျှော်မှန်းချက် (Vision)ကို အောင်မြင်စေဖို့၊ ““အရည်အချင်း ပြည့်ဝသော အခြေခံကျန်းမာရေးပညာရှင်များ မွေးထုတ်ရန်၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုကို နှီးနွှယ်ဌာနများနှင့် ပူးပေါင်း၍ အပြည့် အဝပေးရန်နှင့် အရည်အသွေးရှိသော ပြည်သူ့အကျိုးပြုသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်” ဟူသော လုပ်ငန်းတာဝန် (Mission) (၃)ရပ်ကို ချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ၊ အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး) (၂၁)မြောက် ဘွဲ့နှင်းသဘင် အကြိုအခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက် ယနေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းခန်းမ၌ ကျင်းပခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ ဂုဏ်ပြုစကား ပြောကြားသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ဒီနေ့ကျင်းပတဲ့ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကျန်းမာ ရေးမဟာသိပ္ပံဘွဲ့ (အခြေခံကျန်းမာရေး)ဘွဲ့ရသူ (၄)ဦး နဲ့ ကျန်းမာရေးသိပ္ပံဘွဲ့ (အခြေခံကျန်းမာရေး) ဘွဲ့ရမောင်မယ်(၉၁)ဦးတို့ကို ဘွဲ့များ ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်လို့သိရပြီး၊ ဒီအချိန် အခါသမယ မှာ မောင်တို့မယ်တို့ သာမက မိဘဆွေမျိုးများ၊ ဆရာ၊ ဆရာမများအားလုံးနှင့် တာဝန်ရှိသူများ အားလုံးက ဝမ်းမြောက်ဂုဏ်ယူနေကြမှာဖြစ်သလို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့လည်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြောင်း၊ အခြေခံကျန်းမာရေးတက္ကသိုလ်၊ မကွေးဟာ “မြန်မာနိုင်ငံနှင့် ဒေသအတွင်း ဦးဆောင်သော အခြေခံကျန်းမာရေး တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်ရန်”ဟူသော မြင့်မားသည့် မျှော်မှန်းချက် (Vision)ကို အောင်မြင်စေဖို့ ကြိုးပမ်းဆောင်ရွက် နေတာတွေ့ရပြီး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူလျက် နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်း တမ်းများ၊ အရည်အချင်းပြည့်မီသော သင်ကြားရေး ဆရာဆရာမများနှင့် ခေတ်မီ သင်ထောက်ကူ ပစ္စည်းများ အသုံးပြုပြီး သင်ကြားရေးဆေးရုံကြီးများတွင် လက်တွေ့သင်ကြား ပေးတာကြောင့် မောင်တို့မယ်တို့ကို နိုင်ငံတကာမှာ လက်ခံအသိ အမှတ်ပြုကြတာကို အားလုံးအသိဖြစ်ပါကြောင်း၊ နိုင်ငံ့တာဝန် ထမ်းဆောင်ရင်း ပြည်တွင်း၊ ပြည်ပမှာ ဖွင့်လှစ်ထားတဲ့ မဟာသိပ္ပံဘွဲ့နှင့် ပါရဂူ ဘွဲ့သင်တန်းများကို ဆက်လက် တက်ရောက်နိုင်ရန် အခွင့်အလမ်းများ အပြည့်အဝရှိကာ၊ စဉ်ဆက်မပြတ် လေ့လာသင်ယူကြပါလို့ လည်း တိုက်တွန်း မှာကြားလိုပါကြောင်း၊ ဒီတက္ကသိုလ်က ဘွဲ့ရတဲ့သူ အများစုဟာ ကျေးလက်ကျန်းမာရေး ဌာနတွေမှာ လက်ထောက်ကျန်းမာရေးမှူးများအဖြစ် တာဝန်ထမ်း ဆောင်နေကြပြီး၊ နိုင်ငံလူဦးရေရဲ့ ၇၀% ကျော် နေထိုင်တဲ့ ကျေးလက်ဒေသများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရတာဖြစ်လို့ တာဝန်ကြီးလေးသလို ဂုဏ်ယူဖွယ်လည်း ဖြစ်ပါ ကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကျန်းမာရေးတက္ကသိုလ်ကို အနီးကပ် ဦးဆောင်လမ်းညွှန်မှု ပေးလျက်ရှိပြီး၊ တက္ကသိုလ်အဝင်လမ်း ကောင်းမွန်ရေး၊ ထရန်စဖော်မာ အချိန်မီ အရည်အသွေးပြည့်ဝစွာ တည်ဆောက်ရေး၊ တက္ကသိုလ် စိမ်းလန်းစိုပြေရေးနှင့် အားကစားကဏ္ဍ တိုးတက်ရေး အပါအဝင် ဗလငါးတန် ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ ဦးဆောင်ပံ့ပိုးပေးလျက်ရှိကြောင်းနှင့် မောင်တို့မယ်တို့အနေနဲ့ နိုင်ငံတော်က မွေးထုတ်ပေးလိုက်တဲ့ ကျေးဇူးတရားကို စောင့်သိပြီး ပြည်သူ လူထုကို တတ်စွမ်းသမျှ အလုပ်အကျွေးပြုကာ၊ အမိတက္ကသိုလ်၏ ဂုဏ်ကို မြှင့်တင်နိုင်သော နိုင်ငံ့ ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားသွားကြဖို့ မှာကြားလို ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘွဲယူမောင်မယ်များနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး၊ ဘွဲ့နှင်းသဘင် အကြိုအခမ်းအနား အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)၊ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ကျန်းမာရေးမဟာသိပ္ပံဘွဲ့(အခြေခံကျန်းမာရေး) (၄)ဦးနှင့် ကျန်းမာရေးသိပ္ပံဘွဲ့ (အခြေခံကျန်း မာရေး)ဘွဲ့ရ မောင်မယ်(၉၁)ဦးတို့ကို ဘွဲ့များအသီးသီး ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ပြီး၊ တက္ကသိုလ်ကို နိုင်ငံတော်က ၁၉၉၅-ခုနှစ်မှာ တက္ကသိုလ်အဆင့် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကာ၊ ၂၀၂၆ - ခုနှစ်အထိ ကျန်းမာရေးမဟာသိပ္ပံဘွဲ့(အခြေခံကျန်းမာရေး)ဘွဲ့ရရှိသူ(၁၁)ဦးနှင့် ကျန်းမာရေးသိပ္ပံဘွဲ့ (အခြေခံ ကျန်းမာရေး)ဘွဲ့ရရှိသူ (၂၆၆၉)ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် လက်မှတ်ရသင်တန်း များဖြစ်သည့် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး)သင်တန်းနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် အဆင့်(၁) သင်တန်းများကိုလည်း လေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။



