မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးလွန်ကာလ စုပေါင်းသစ်ပင်ရေလောင်းပွဲတော် အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးလွန်ကာလ စုပေါင်းသစ်ပင်ရေလောင်းပွဲတော် အခမ်းအနားသို့ တက်ရောက်

မကွေး       ဖေဖော်ဝါရီ        ၂၁

          သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည် နေထိုင် နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများ မပြုန်းတီး စေရေးနှင့် သစ်တော၊ သစ်ပင်များ တိုးပွားရှင်သန်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှု အသွင်ဖြင့် မိုးရာသီက စုပေါင်းစိုက်ပျိုးခဲ့သော အပင်များအား ၂၀၂၆ ခုနှစ်၊ မိုးလွန်ကာလ စုပေါင်း သစ်ပင်ရေလောင်းပြုစုခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီအချိန်က မင်းဘူး-ပဒါန်း-အမ်းကားလမ်းဘေး ကုန်းသာကျေးရွာအနီးရှိ မိုင်တိုင်အမှတ် ၄ မိုင် ၇ ဖာလုံ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော် အရာရှိများ၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

          မိုးလွန်ကာလ စုပေါင်းရေလောင်းပွဲတော် အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည် နေထိုင်နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများ မပြုန်းတီးစေရေး၊ အပူဒဏ်ကာကွယ်ရေး၊ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သစ်တော၊ သစ်ပင်များ တိုးပွားရှင်သန်စေ ရန်ရည်ရွယ်၍ နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ဌာနများ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြည်လာစေရန် အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် မိမိတို့မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်နှင့် မြိုနယ် များအလိုက် မိုးရာသီက စုပေါင်း စိုက်ပျိုးခဲ့သော အရိပ်ရအပင်များ၊ သစ်မာအပင်များ၊ လေကာတန်း အပင်များ၊ နှစ်ရှည် သီးပင်စားပင်များနှင့် ဆေးဘက်ဝင်အပင်များကို မိုးရာသီအလွန် ပူပြင်းခြောက် သွေ့သော ရာသီဥတုကို ကာလရှည် ရင်ဆိုင်အံတုနိုင်ရန် ပြည်သူများပါဝင်စုပေါင်း၍ မြေဆွေးများ ထည့်ပြီး အမြစ်ဇုန်ထိရောက်အောင် ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း၊ ဓာတ်မြေဩဇာကျွေးခြင်း၊ သေပင် ဖာထေးခြင်း၊ တောမီးကာကွယ်ခြင်း လုပ်ငန်းများကို ရာသီအလိုက် လုပ်ဆောင်၍ မြဲအောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်တွင် အပင်ပေါင်း (၂၅)သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း ၁ ဒသမ ၂ သန်းခန့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင်ထိန်းကြစို” ဟူသော ဆောင်ပုဒ်နှင့်အညီ သစ်တောစိုက်ခင်းမျိုးစုံ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်း၊ လေကာတန်းများ စိုက်ပျိုးခြင်းတို့အပြင် စိုက်ပျိုးပြီးသစ်ပင်များကိုလည်း တစ်ပင် စိုက်လျှင် တစ်ပင်ရှင်သန် အောင် ပြုစုထိန်းသိမ်း၍ သဘာဝပတ်ဝန်းကျင်ကောင်းရရှိအောင် ပြည်သူ လူထုကအမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းပေးကြစေလိုကြောင်း တိုက်တွန်း မှာကြားသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးထားသော အပင်များ အား စုပေါင်းရေလောင်းခြင်း၊ မြေဩဇာကျွေးခြင်းနှင့် မြေပဲခွံဖုံးအုပ်ခြင်းများ ဆောင်ရွက်ပြီး တက်ရောက်လာကြသူများမှ စိုက်ပျိုးပြီးသစ်ပင်များအား တစ်ပျော်တစ်ပါး ရေလောင်း၊ ပေါင်းရှင်း၊ ပြုစုထိန်းသိမ်းနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

နောက်ဆုံးရ သတင်း