မကွေး ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အောင်မြင်စွာ ကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တောင်သူလယ်သမားနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သီးနှံစိုက်စွမ်းအား မြင့်မားရေးအတွက် သီးထပ် သီးညှပ် တိုးချဲ့စိုက်ပျိုးရေး၊ သီးနှံထုတ်လုပ်မှု မြင့်မားရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ဒေသတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း စားရေရိက္ခာ ဖူလုံပိုလျှံစေရေး၊ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာမှာ ဒေသရဲ့ စားရေရိက္ခာဖူလုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ ပါဝင်ဆောင်ရွက်လျက်ရှိတဲ့ စိုက်ပျိုးမွေးမြူထုတ်လုပ်သူ တောင်သူ လယ်သမားများကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ(၂)ရက်နေ့မှာ ကျရောက်တဲ့ (၆၄) နှစ် မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို အနှစ်သာရပြည့်ဝစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် ယခုအစည်းအဝေးကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယခင်နှစ်(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ ထူးချွန်စွာ ဆောင်ရွက် ခဲ့ကြတဲ့ ခရိုင်၊ မြို့နယ်နဲ့ တောင်သူများကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ရာမှာ သီးနှံစိုက်စွမ်းအားနဲ့ သီးထပ် စွမ်းအားတိုးတက်ရေး ဆောင်ရွက်မှု ခရိုင်နဲ့မြို့နယ်ဆု(၆)ဆု၊ စိုက်ပျိုးရေးဂုဏ်ထူးဆောင်ဆု (၁၂)ဆုနဲ့ မွေးမြူရေးဂုဏ်ထူး ဆောင်ဆု (၂)ဆု၊ စုစုပေါင်း ဂုဏ်ထူး ဆောင်ဆု (၂၀)ဆု ချီးမြှင့်ခဲ့ပြီး ဌာနအလိုက် ပြခန်းများ၊ ကုမ္ပဏီနဲ့ အဖွဲ့အစည်းများရဲ့ ပြခန်းများနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့ကြောင်း၊ ယခုနှစ်မှာလည်း အလားတူ ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်နိုင်ရေး၊ ဂုဏ်ပြုကျေးလက် အကများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ယခင်နှစ်ရဲ့ အတွေ့အကြုံများအပေါ် အခြေခံပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးကြဖို့ ပြောကြားလိုကြောင်း၊ တိုင်းဒေသကြီးအဆင့်နဲ့ လျော်ညီစွာ ပြင်ဆင်ခင်းကျင်းဆောင်ရွက်ဖို့၊ လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍကို ဦးတည်ပြီး နိုင်ငံတော်မှ ချမှတ်တဲ့ ဦးတည်ချက်၊ ရည်မှန်းချက် များအား တောင်သူများ သိရှိအောင်၊ တောင်သူများ စိတ်ဝင်စားစေမယ့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များနဲ့ မြို့ပြနဲ့ကျေးလက် လူနေမှုအဆင့်အတန်း ကွာခြားမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ပေါ်လွင်အောင် ခင်းကျင်းပြသဖို့ မှာကြားလိုကြောင်းနှင့် တိုင်းဒေသကြီးရဲ့ စားရေရိက္ခာဖူလုံရေးနဲ့ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခြေခံ အုတ်မြစ် ဖြစ်တဲ့ တောင်သူလယ်သမားကြီးများကို ထိထိရောက်ရောက် ဂုဏ်ပြုနိုင်ရေးနဲ့ တိုင်းဒေသကြီး အဆင့်နဲ့လျော်ညီစွာ ကျင်ပနိုင်ရေး၊ စည်ကားသိုက်မြိုက်စွာနှင့် အနှစ်သာရရှိရှိ အောင်မြင်စွာကျင်းပ ပြီးမြောက်စေရေး ယနေ့တက်ရောက်လာသူများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တောင်သူလယ်သမားနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းတို့က (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်မှု အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေး တင်ပြချက်များ အပေါ် တောင်သူလယ်သမားနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။



