မကွေး ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၁၃၈၇-ခုနှစ် အတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ အတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ၁၃၈၇-ခုနှစ် အတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ၁၃၈၇ ခုနှစ် ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို မကွေးမြို့ ကမ်းနားလမ်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိပြီး ဖြစ်ပါကြောင်း၊ ယခင်နှစ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်၊ လမ်းလျှောက်သင်္ကြန်အား ဌာနဆိုင်ရာအားလုံးမှ ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်ခဲ့သဖြင့် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနှင့် ရိုးရာမပျက် ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး၊ ယခုနှစ်တွင်လည်း သက်ဆိုင်ရာတာဝန် ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူရသည့် လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရေရရှိရေးနှင့် လျှပ်စစ်မီး ရရှိရေး လုပ်ငန်းများအား အဓိကထား စီမံဆောင်ရွက်သွားစေလိုပါကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ လည်း စနစ်တကျ စီမံဆောင်ရွက်စေလိုကြောင်း၊ ဧည့်ခံကျွေးမွေးရေးအပိုင်းတွင် စတုဒီသာ ကျွေးမွေး စေလိုကြောင်း၊ သင်္ကြန်ဟူသည် နှစ်ဟောင်းမှ အညစ်အကြေးများ၊ မကောင်းမှုများကို စွန့်ပစ်၍ သင်္ကြန်ရေနှင့် ဆေးကြောခြင်း ဖြစ်သည်ဟု အဓိပ္ပါယ်ရရှိပါကြောင်း၊ ယခင်နှစ်များကဲ့သို့ပင် ယိမ်းအက ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ပိုမို ကောင်းမွန်သော အစီအစဉ်များရှိလျှင်လည်း အကြံပြုဆွေးနွေးပေးစေလိုကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ကြောင်း၊ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာရေသဘင်ပွဲတော်သည် တန်ခူးလပြည့်ကျော် (၁၂)ရက် နေ့မှ ကဆုန်လဆန်း (၁)ရက်နေ့အထိ (၁၃-၄-၂၀၂၆)ရက်မှ (၁၆-၄-၂၀၂၆)ရက်နေ့အထိ ကျရောက် မည်ဖြစ်ပြီး၊ ကဆုန်လဆန်း (၂)ရက်နေ့ (၁၇-၄-၂၀၂၆)ရက်နေ့သည် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဖြစ်ပါကြောင်း၊ ၁၃၈၇-ခုနှစ် မြန်မာ့ ရိုးရာအတာသင်္ကြန် ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာ့ရိုးရာရေသဘင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီနှင့် သက်ဆိုင်ရာ ကော်မတီများအနေဖြင့် ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို အချိန်မီပြီးစီးအောင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ လုပ်ငန်းဆပ်ကော်မတီ အသီးသီးမှ ဥက္ကဌများက ကော်မတီအလိုက် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကာ၊ တက်ရောက်လာသူများမှ ကြိုဆိုနေရာချထားရေး၊ ပြိုင်ပွဲ ကျင်းပရေး၊ ရေဖြန့်ဝေရေး၊ ကျန်းမာရေးနှင့် လုံခြုံရေး၊ ဂုဏ်ပြုချီးမြှင့်ရေးဆိုင်ရာများ စသည့် အထွေထွေဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တင်ပြဆွေးနွေးဆောင်ရွက်မှု များနှင့် စပ်လျဉ်း၍ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



