မကွေး ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အဆင့်မြှင့်ဈေးကြီးတစ်ခု ပေါ်ထွက်လာ စေရန် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တော်ဝင်ချမ်းသာ ဆောက်လုပ်ရေးကုမ္ပဏီ လိမိတတ်တို့ နှစ်ဦးအကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် မင်းဘူးမြို့၊ မြို့မဈေးကြီးအတွင်း၌ အဆင့်မြင့်ဈေးဆိုင် ခန်း(Shop House)များ ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီအချိန်က အဆိုပါဈေးရှိ သတ်မှတ်နေရာ၌ ဆောင်ရွက်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်သူနှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက မင်းဘူးမြို့စည်ပင်သာယာမြို့မဈေး အတွင်း၌ တည်ဆောက်မည့် အဆင့်မြင့်ဈေးဆိုင်ခန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးတင့်လွင်က (Shop House)များ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောက်လုပ်သွားရန်၊ ဈေးအဆောက်အဦအား Drawing Plan (3D) Design များဖြင့် အစီစဉ်တကျရေးဆွဲပြီး သတ်မှတ်ကာလတွင်း လုပ်ငန်းများ အားလုံး အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ဆောက်လုပ်ပြီး ဈေးဆိုင်ခန်းများ၌ ဈေးရောင်း၊ ဈေးဝယ် များစည်းကမ်းရှိစွာဖြင့် စိတ်အေးချမ်းသာစွာ ရောင်းဝယ်နိုင်ရေးနှင့် ဈေးကြီးမီးဘေး လုံခြုံးရေး လုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက မင်းဘူးမြို့၊ မြို့မဈေးအတွင်း၌ အဆင့်မြင့်ဈေးဆိုင်ခန်း(Shop House)များ ဆောက်လုပ်ရန်အတွက် သတ်မှတ်နေရာအသီးသီးတွင် မင်္ဂလာပန္နက်တော်အား စိုက်ထူပေးပြီး အမွှေးနံ့သာရည် ပက်ဖြန်း ခြင်းများ ဆောင်ရွက်သည်။
မင်းဘူးမြို့၊ မြို့မဈေးကြီးအတွင်း၌ အဆင့်မြင့်ဈေးဆိုင်ခန်း(Shop House)များ ဆောက်လုပ် ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တော်ဝင်ချမ်းသာ ဆောက်လုပ်ရေးကုမ္ပဏီလိမိတတ်တို့ နှစ်ဦးအကျိုးတူ ပူးပေါင်းဆောင်ရွက်၍ ဈေးမြောက်ဘက်ခြမ်း နှင့် ဈေးအရှေ့ဘက်ခြမ်းရှိ ယခင်ပျံကျဈေးဆိုင်ခန်းနေရာတွင် အဆင့်မြင့်ဈေး တည်ဆောက်ခြင်း ဖြစ်ပြီး ၊ ဈေးအဆောက်အဉီ အရွယ်အစားမှာ (၁၀ ပေ x ၁၇ ပေ)ရှိ Steel Structure နှစ်ထပ်ဆောင် အမျိုးအစားဖြစ်ကာ ဈေးဆိုင်ခန်းစုစုပေါင်း (၅၈)ခန်းဖြင့် ရေချိုးခန်းနှင့် အိမ်သာများအပါအဝင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါဈေးကြီး ဆောက်လုပ်ပြီးစီးပါက မင်းဘူးမြို့တွင် အဆင့် မြှင့်ဈေးကြီးတစ်ခု ပေါ်ထွက်လာမည့်အပြင် အဆင့်မြှင့်ဈေးဆိုင်ခန်းများဖြင့် မြို့မဈေးကြီးဖွံ့ဖြိုး တိုးတက်လာပြီး ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ အနေဖြင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မား လာမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။



