မကွေး ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၆)ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်ကလိုအပ်လျက်ရှိသည့် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ဝန်ဆောင်မှုကဏ္ဍစသည့် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှု အခြေ အနေ၊ လျာထားချက်ပြည့်မီ ကျော်လွန်အောင် ညွှန်ကြားချက်နှင့် အညီ အားထည့်ဆောင်ရွက် ပေးကြဖို့ကို တိုက်တွန်းပြောကြားလိုပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် နွေသီးနှံ(စပါး၊ နှမ်း) များကို စီမံချက်လျာထားဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးဆောင်ရွက်သွားရန်နှင့် ရေသေချာ သောဧရိယာများဖြစ်၍ စိုက်ပျိုးသည့်သီးနှံတိုင်း ပန်းတိုင်အထွက်နှုန်းရရှိအောင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနများမှ ဝိုင်းဝန်းပူးပေါင်းကြပ်မတ် ဆောင်ရွက်ကြဖို့ပြောကြားလို ပါကြောင်း၊ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တွင် ဖြေရှင်းဆောင်ရွက်ရန် ကျန်ရှိနေသည့် လယ်ယာမြေအယူခံမှုများအား လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေနှင့်အညီ သတ်မှတ် ကာလအတွင်း အမှန်ဆုံးနှင့် အမြန်ဆုံးဖြစ်အောင် စစ်ဆေးဆုံးဖြတ်၍ လစဉ်တိုးတက်မှုရှိအောင် ဆောင်ရွက်သွားဖို့ သက်ဆိုင်သည့် ဌာနများအား တိုက်တွန်းပြောကြားလိုကြောင်း၊ ပညာရေးကဏ္ဍ အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးများမှ ထုတ်ယူထားသော ရေစာ မပါသည့် ကျောင်းပြောင်း လက်မှတ် (TC)များနှင့် အမှတ်(၁/၂/၃)အခြေခံပညာဦးစီးဌာနအမည်ဖြင့် ကျောင်းပြောင်းလက်မှတ်(TC)များအား ပယ်ဖျက်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အခြေခံ ပညာဦးစီးဌာနသို့ပေးပို့ရန် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည့်အတွက် စနစ်တကျ ဆောင်ရွက် ပေးဖို့ကိုလည်း ပြောကြားလိုကြောင်း၊ ကျန်းမာရေးကဏ္ဍအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်/ မြို့နယ်များတွင် ရေကောင်းရေသန့် ရရှိသုံးစွဲနိုင်ရေး အလေးထားအားပေး ဆောင်ရွက်ပေးဖို့၊ ရေကောင်းရေသန့်(၉၇.၄%)ဖြစ်သည့်အတွက် ရာနှုန်းပြည့်ရရှိ သုံးစွဲနိုင်ရေး သန့်ရှင်း၍ ကျန်းမာရေး နှင့် ညီညွတ်သော သောက်သုံးရေကို ရရှိအသုံးပြုသည့် လူဦးရေနှင့် အိမ်ခြေရာနှုန်းများ ယခုထက်ပိုမို တိုးတက်စေဖို့ ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးဖို့ ပြောကြားလိုပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ယင်လုံအိမ်သာသုံးစွဲမှုမှာ (၈၈.၂%)ဖြစ်သည့်အတွက် ရာနှုန်းပြည့်ဆောက်လုပ် သုံးစွဲနိုင်ရေးနှင့် အခြေခံမိလ္လာ ဝန်ဆောင်မှု ရာနှုန်း ပြည့်သုံးစွဲနိုင်ဖို့ စည်းရုံး ဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ဖို့၊ တောဓလေ့(Open Defecation) ကို လျော့နည်းပပျောက် စေဖို့အတွက် လူထုဦးဆောင်မှုဖြင့် အလုံးစုံသန့်ရှင်းရေးလုပ်ငန်းများ (CLTS) လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်ဖို့၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ပတ်သက်လို့ မိမိတို့ တိုင်းဒေသကြီး အနေနှင့် ခွဲဝေရရှိခဲ့တဲ့ အရင်းမပျောက်မတည်ငွေကျပ်(၁၀)ဘီလီယံအား (၁၀၀%) ထုတ်ချေးနိုင်ခဲ့ပြီး လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ကာလပြည့်ပြီးသော အရင်း၊ အတိုးငွေများ အားပြန်လည် ကောက်ခံရရှိသည့် အရင်းငွေကျပ် (၇၇၂၇.၁၈၆)သန်းအနက်မှ ငွေကျပ်(၅၀၇၂.၂၃၅) သန်းကို ထပ်မံ ထုတ်ချေးနိုင်ခဲ့ပြီး ၂၃.၂.၂၀၂၆ ရက်အထိ အတိုးရငွေ ကျပ်(၁၂၇၂.၁၀၃)သန်းနှင့် ဒဏ်ကြေးငွေကျပ် (၃.၆၇၇)သန်း၊ စုစုပေါင်းငွေကျပ်(၁၂၇၅.၇၈၀)သန်း ပြန်လည်ရရှိပြီးဖြစ်၍ ဆက်လက်ကောက်ခံ ရရှိသော အရင်း/အတိုးငွေများမှ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ အရင်းမပျောက် မတည် ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍ မိမိတို့ မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားရှိသည့် သစ်ပင်များအားလုံး ရှင်သန်စေရေး သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပြုစု ပျိုးထောင်ထိန်းသိမ်း ဆောင်ရွက်သွားကြဖို့၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားခ ကြွေးကျန် များမရှိစေရေးအတွက် အထူးအလေးထား ကောက်ခံသွားဖို့လိုကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်းသို့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (ပထမလဝက်)တွင် ကုန်းလမ်း/ရေလမ်းကြောင်းမှ ဝင်ရောက် သည့်ဆန်(၄၄၁၁၅)အိတ်နှင့် မကွေးတိုင်းဒေသကြီးကိုဖြတ်၍ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ သွားရောက်သည့် ဆန်(၂၈၁၂၆)အိတ်၊ မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် ဆန်များ အား တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချသည့်ဆန်(၃၈၁၆၂)အိတ်နှင့် မကွေးတိုင်း ဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် ဆန်များအား အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ တင်ပို့ရောင်းချသည့် ဆန်(၄၅၁၀၀)အိတ်ရှိကြောင်း သိရှိရသည့်အတွက် တိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှုရှိပြီး ဝန်ထမ်းများအပါအဝင် စားသုံးသူပြည်သူများ သင့်လျော်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးရေးကိုလည်း သက်ဆိုင်ရာဌာနတွေက အလေးထားကြပ်မတ်ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဆက်လက်ပြီး ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ သတိထားရန်နှင့် မီးဘေးနှင့် ပတ်သက်သည့် မီးသတ်ပစ္စည်းကိရိယာများ၊ မီးသတ်ယာဉ် များနှင့် မိမိတို့တွင်ရှိသည့် မီးသတ်ပစ္စည်းများကို နေရာအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိဖို့၊ ခရိုင်၊ မြို့နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များ၌ စက်သုံးဆီအား ဆီဘောက်ဆာကားမှတစ်ဆင့် ဆီပေပါနှင့် ပုံးများသို့ လွှဲပြောင်းထည့်ခြင်းမှ မီးလောင်သည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသည့် အတွက် စက်သုံးဆီဆိုင်များအား သက်ဆိုင်ရာ ဌာနများမှ အသိပညာပေးခြင်းများ ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ နိုင်ငံစီးပွား တိုးတက်ရေးအတွက် အသေးစား၊ အလတ်စား၊ အကြီးစားစက်မှု လုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် မိမိတို့ကျရာ အခန်း ကဏ္ဍများအလိုက် တိုင်းဒေသကြီး၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ယခုကတည်းက စနစ်တကျ ကြိုးပမ်း ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးမိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးတင့်ဝေ၊ အတွင်းရေးမှူး ဦးတင်မောင်ဆွေတို့က သက်ဆိုင်ရာ ကဏ္ဍ အလိုက် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီး၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနအကြီးအကဲများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ၊ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။



