မကွေး ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ၊ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ နဘဲကုန်းကျေးရွာအုပ်စု၊ ကိုရံတောင်ကျေးရွာ စနစ်ကျလယ်မြေ(၂၀၀)ဧက ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီး၊ ခရိုင် မြို့နယ် စက်မှု လယ်ယာဦးစီးဌာန တာဝန်ရှိသူများမှ စက်မှုလယ်ယာဦးစီးဌာန စနစ်ကျလယ်ယာမြေဖော်ထုတ်ရေး အဖွဲ့မှ တိုင်းတာခြင်း၊ ကွင်းဒီဇိုင်းမြေပုံထုတ်ခြင်း၊ တောင်သူများနှင့် ကွင်းအတည်ပြုချက်များ ရယူခြင်း ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များလမ်းညွှန်မှာကြားကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအား စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဖော်ထုတ်ရေးနှင့် ပတ်သက်၍ သိလိုသည်များမေးမြန်းကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ရာမှာ ပုံသဏ္ဍာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ တည်ရှိနေတဲ့ သမားရိုးကျလယ်ကွက်ငယ်များအား ရေသွင်းမြောင်း၊ ရေနုတ်မြောင်းများ၊ ကုန်ထုတ် လမ်းများနဲ့ လယ်ဆင်းလမ်းများပါဝင်ပြီး အတိုင်းအတာအရွယ်အစား တိကျမှန်ကန်တဲ့ လယ်ကွက် ကျယ်များ ဖြစ်ပေါ်လာစေဖို့ ဖော်ထုတ်ပေးတာဖြစ်ပါကြောင်း၊ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ များကို ဖော်ဆောင်ရာမှာ နိုင်ငံတော်မှ(၅၀)ရာခိုင်နှုန်းနဲ့ တောင်သူများမှ(၅၀)ရာခိုင်နှုန်း ကျခံရတာ ဖြစ်ကြောင်း၊ မြို့သစ်မြို့နယ်၊ နဘဲကုန်းကျေးရွာအုပ်စု၊ ကိုရံ(တောင်)ကျေးရွာအတွင်းရှိ လယ်ယာမြေ များမှာ စက်မှုလယ်ယာ စနစ်ကျလယ်ယာ မြေများဖော်ဆောင်ခြင်းဖြင့် စနစ်ကျလယ်ကွက်များတွင် ရေသွင်း၊ ရေနုတ်မြောင်းများပါရှိခြင်းကြောင့် စိုက်ပျိုးသော သီးနှံများအတွက် ရေကိုလိုသလို အသွင်းအထုတ်လုပ်နိုင် ခြင်း၊ လယ်ယာမြေများ၏ မြေပြင်ညီညာပြန့်ပြူးမှု ရှိခြင်းကြောင့် စိုက်ပျိုးရေ သုံးစွဲရာတွင် ယခင်သုံးစွဲနေကြ ရေပမာဏထက် လျော့ချသုံးစွဲနိုင်ခြင်း၊ လယ်ကွက်များ၏ ပုံသဏ္ဍာန်နှင့် အကျယ်အဝန်း မှန်ကန်းခြင်းကြောင့် စက်ကိရိယာပစ္စည်းများ စက်စွမ်းအားပြည့် မောင်းနှင်အသုံးပြုနိုင်သည့်အပြင် လောင်စာဆီ ကုန်ကျမှု လျော့နည်းသက်သာစေခြင်း၊ စိုက်ပျိုးရေ အနည်းအများကို လိုသလိုထိန်းညှိနိုင်ခြင်းကြောင့် စပါးပင်ပွားကို လိုသလိုမျှတစွာရရှိနိုင်ပြီး သီးနှံ အထွက်နှုန်း ကိုတိုးတက်ထွက်စေနိုင်ခြင်းနှင့် တောင်သူများ တစ်နှစ်လျှင် သီးနှံ(၂)သီးမှ (၃)သီးအထိ စိုက်ပျိုးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ်ကြောင်း ပြောကြားကာ၊ ဒေသခံတောင်သူ များ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်မှုတင်ပြချက်များအပေါ် လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





