မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား တက်ရောက်

မကွေး     မတ်     ၂

          ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းခြင်းခံရသော မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော် ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို မတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက မကွေးမြို့၊ မြသလွန်ကုန်းတော် မဟာဝိဇယရံသီတန်ဆောင်းတော်၌ ကျင်းပသည်။

          ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော် ရွှေတံဆိပ်ဆုရ တေးသံရှင် ခင်ရတနာမိုးမြင့် စောင်းပညာရှင်က နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် တယော မောင်လွင်သန့်ထူးအောင်နှင့် တွဲဖက်၍ ဗုဒ္ဓရောင်ခြည်တော်ဖွင့် ထူးမခြားနားသီချင်းခံ(၃)ပိုဒ်ဖြင့် ဘွဲ့ခံ ဆရာတော်များအား သီဆိုပူဇော်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင် တောင်တွင်းကြီးမြို့ ငှက်ပစ်တောင် ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ပြီး၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမ (အလယ်)တိုက် (မဟာဂန္ထဝါစကပဏ္ဍိတ)ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တပညိန္ဒက( သမ္မောဒနီယ) ဩဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင် က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ၊ အထူးပင့်ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၁၈)ပါး၊ သီလရှင်ဆရာကြီး(၁)ပါး၊ လူပုဂ္ဂိုလ်(၁)ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် အသီးသီး နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ထို့နောက် မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ တောင်တွင်းကြီး မြို့၊ ငှက်ပစ်တောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တမာနိတ မဟာထေရ်မြတ်ထံမှ ရေစက်ချ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ၊ နိုင်ငံကျော်ရွှေတံဆိပ်ဆုရ တေးသံရှင်က ကောင်းခြင်းမင်္ဂလာ တေးသံသာဖြင့် သီဆိုပူဇော်ခဲ့ကြောင်းနှင့် အောင်ပွဲအထိမ်းအမှတ်အဖြစ် ကြွရောက်ချီးမြှင့်တော်မူသော အထူးပင့် သံဃာတော်များ၊ ဘွဲ့ခံဆရာတော်များနှင့် ဘွဲ့ခံသီလရှင် ဆရာကြီးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

          ၂၀၂၆-ခုနှစ်၊ မကွေးတိုင်းဒေသကြီးအနေဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၁)ပါး၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၂)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရဆရာတော်ကြီး(၁)ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၂)ပါး၊ သီလရှင် ဆရာကြီး (၁)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၂)ပါး၊ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး(၆)ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၈)ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရလူပုဂ္ဂိုလ်(၁)ဦး၊ ကမ္မဌာနာစရိယ ဆရာတော်ကြီး(၁)ပါး၊ စုစုပေါင်း(၂၄)ပါး (၁)ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် အသီးသီး၊ အဆောင်အယောင် နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း