မကွေး မတ် ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာမှ ဖွင့်လှစ်သည့် တိုင်းဒေသကြီး နွေရာသီ အခြေခံအားကစားသင်တန်းနှင့် လူငယ်ဖွံ့ဖြိုးရေးအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃ ရက်နေ့ နံနက် ၈ နာရီက တိုင်းဒေသကြီး အားကစားကွင်းအားကစားခန်းမ၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစား ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်း နည်းပြများ၊ သင်တန်းသား/ သင်တန်းသူ လူငယ်မောင်/မယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနဲ့ နိုင်ငံတကာတွင် အောင်မြင်မှု ရရှိစေရန်အတွက် ဇွဲ၊ လုံလ၊ ဝီရိယ၊ အားမာန် အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေးဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတာ ဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များ အနေဖြင့် နွေရာသီ အားလပ်ရက်ကို အကျိုးရှိရှိ အသုံးချတတ်စေရေး၊ အခြေခံအားကစားနည်း တစ်ရပ်ရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသော အားကစား သမားကောင်းများ၊ နိုင်ငံ့သားကောင်း/ သမီးကောင်းများ ဖြစ်လာစေရေး၊ ကျောင်းသား/ ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ဖွံ့ဖြိုးမှု ကောင်းကျိုးများ ရရှိလာနိုင်စေရေး၊ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေရေး၊ တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေး စသည့် မြင့်မားတဲ့ရည်ရွယ်ချက်များနဲ့ ယခုသင်တန်းကို ဖွင့်လှစ် သင်ကြားခြင်း ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ခရိုင်ပြိုင်ပွဲများ၊ မြို့နယ်ပေါင်းစုံ အားက စားပြိုင်ပွဲများကို အားကစားပြက္ခဒိန်များ ရေးဆွဲပြီး ကျင်းပပြုလုပ်နေသည့်အတွက် အားကစားကို ချစ်မြတ်နိုးသော လူငယ်မောင်မယ်များအနေဖြင့် ယခုလိုသင်တန်းများမှ သင်ယူတတ်မြောက် ထားသော အားကစားစွမ်းရည်များကို ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် ပြသခွင့်ရရှိမှာ ဖြစ်ပါကြောင်း၊ အားကစားနှင့် ပညာရေးကို ပေါင်းစပ်ပြီး သင်ကြားလိုသည့် ကျောင်းသား/ ကျောင်းသူ များအတွက် Grade - 8 မှ Grade - 12 ထိ ကျောင်းအိပ်ကျောင်းစားဖြင့် စာသင်မပျက် အားကစားပါ လေ့ကျင့်သင်ကြားပေးသော အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) (မန္တလေး) (တောင်ကြီး) (မော်လမြိုင်) (မုံရွာ) (လွိုင်ကော်) နဲ့ (စစ်တွေ) ကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည့် အတွက် ဆက်လက်သင်ကြားလိုပါက တက်ရောက်သင်ကြားနိုင်မှာဖြစ်ပြီး အရည်အချင်း ထက်မြက် သောမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာမှာ ဖြစ်ပါကြောင်း၊ ယခုလို နွေရာသီ အားကစား သင်တန်းများ ဖွင့်လှစ် သင်ကြားပေးသည့် အတွက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာမှာဖြစ်သလို နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် လက်ရွေးစင် အားကစား သမားများလည်း ပေါ်ထွက်လာမှာဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းများတွင် အားကစား နည်းအလိုက် အောင်မြင်မှုများ ရရှိခဲ့သည့် အားကစား သမားများ/ နည်းပြများမှ အခြေခံကျသည့် နည်းစနစ်များအလိုက် ကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်သည့်အတွက် သင်တန်းသား/ သင်တန်းသူများ အနေဖြင့် နည်းပြဆရာများ၏ သင်ကြားပေးမှုအပေါ် ယုံကြည်မှုရှိစွာနဲ့ အကောင်းဆုံး ကြိုးစားသင်ယူကြစေလိုကြောင်းနှင့် သင်တန်းက ရရှိလာမည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်အားကစား ပညာရပ်များကို ဆက်လက် လေ့လာ လိုက်စားကြပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်နိုင်ကြပါ စေကြောင်း ပြောကြားကာ၊ ၂၀၂၆ ခုနှစ်၊ နွေရာသီ အခြေခံအားကစား သင်တန်းကို ဖွင့်လှစ် ပေးခဲ့သည်။
ထို့နောက် နွေရာသီ အခြေခံအားကစားသင်တန်းတွင် သင်ကြားမည့် အားကစားနည်းများမှ ကရာတေး၊ ဝူရှူး၊ ရိုးရာခြင်း သက်ဆိုင်ရာ အားကစားနည်းများအလိုက် သရုပ်ပြသကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆု ချီးမြှင့်ငွေများနှင့် သင်တန်းသားများအား သင်တန်းဝတ်စုံများနှင့် သင်ထောက်ကူ အားကစားပစ္စည်းများ ပေးအပ်ခဲ့ သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ နွေရာသီ အခြေခံ အားကစားသင်တန်းတွင် ဘောလုံး၊ ဖူဆယ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ Physical Fitness Dance & အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ကြက်တောင်၊ လက်ဝှေ့နှင့် ကရာတေးဒို စသည့် အားကစားနည်းများကို သင်တန်း နည်းပြများက စနစ်တကျ လေ့ကျင့်သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။






