မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြသလွန်စေတီတော် ဗုဒ္ဓဇယန္တိဗိမာန်တော် ဖွင့်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြသလွန်စေတီတော် ဗုဒ္ဓဇယန္တိဗိမာန်တော် ဖွင့်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနား တက်ရောက်

မကွေး     မတ်လ     ၅

          မကွေးမြို့ မြသလွန်စေတီတော်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဩဝါဒ ဆရာတော် ကြီးများ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြသလွန်စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း အသစ်ဆောက် လုပ်ပြီးစီးသော ဗုဒ္ဓဇယန္တီဗိမာန်တော်ဖွင့်ပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို မတ်လ ၅ ရက် ယနေ့နံနက် ၈ နာရီက မြသလွန်စေတီတော်မြတ်ကြီး   ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓဇယန္တီ ဗိမာန်တော်ရှေ့၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ် မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြသလွန်စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ဘုရားဖူး လာပြည်သူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြသလွန်စေတီတော် ဗုဒ္ဓဇယန္တီဗိမာန် တော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ် ကြွရောက်တော်မူသော ဩဝါဒစရိယ ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အောင်ဂါထာအား ရွတ်ဆိုပူဇော်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က ဗုဒ္ဓဇယန္တီဗိမာန်တော် ကမ္ဗည်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။

          ထို့နောက် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနား ဆက်လက်ကျင်းပရာ တက်ရောက် လာသည့် ဆရာတော်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်အပေါင်း တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ခဲ့ပြီး၊ နိုင်ငံတော်ဩဝါဒ စရိယ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မိကာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တရ မဟာထေရ်မြတ် ထံမှ ငါးပါး သီလ ခံယူဆောက်တည်ခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မိကာရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တရ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရား နားယူကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ၊ “ ဗုဒ္ဓသာသနံ စိရံ  တိဌတု “ (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

          အဆိုပါ မြသလွန်စေတီတော် ဗုဒ္ဓဇယန္တိဝိမာန်တော်တွင် အခန်း ၃ ခန်းပါရှိကာ အလျား ၉၆ ပေ၊ အနံပေ ၃၀ ဖြင့် နှစ်ထပ်အဆောက်အအုံဖြစ်ပြီး၊ ဗိမာန်တော်ကြီး အပေါ်ထပ်၌ ထီးတော်ထားရှိ သည့်အခန်း၊ ဘုရားသုံးဆူ စံမြန်းရာ ဘုရားခန်းနှင့် ဓာတ်တော်အခန်းတို့ ပါဝင်ပြီး မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှူဖြင့် စေတနာရှင်ပြည်သူများ စုပေါင်းထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်း  ၂ သောင်း ၄ ထောင်ကျော်ဖြင့် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မြသလွန်စေတီတော် ဗုဒ္ဓဇယန္တီဗိမာန်တော်အား ဘုရားဖူးလာပြည်သူများ အဆင်ပြေစွာ သွားလာ ဖူးမြော်နိုင်စေဖို့နှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ပြည်သူများ နေရာထိုင်ခင်း ကျယ်ဝန်းစွာ နားနေနိုင်စေဖို့အတွက် ရည်ရွယ်ကာ အသစ်တိုးချဲ့ တည်ဆောက်ခြင်းဖြစ်ကြောင်း မြသလွန်စေတီတော် ဘဏ္ဍာထိန်းဂေါပက အဖွဲ့ထံမှ သိရသည်။

နောက်ဆုံးရ သတင်း