မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်သမဝါယမအသင်းစု၊ ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် သမဝါယမကဏ္ဍ ထုတ်ကုန်တိုးမြှင့်ရေး တောင်သူဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်သမဝါယမအသင်းစု၊ ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် သမဝါယမကဏ္ဍ ထုတ်ကုန်တိုးမြှင့်ရေး တောင်သူဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

မကွေး     မတ်     ၁၄

          မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်သမဝါယမအသင်းစု၊ ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သမဝါယမကဏ္ဍ ထုတ်ကုန်တိုးမြှင့်ရေး တောင်သူဆွေးနွေးပွဲကို မတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် သမဝါယမအသင်းစု၊ တန်(၃၀)ဆီစက်(သန်းတောကုန်း)၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်း အမှုဆောင်များ၊ အသင်းသား တောင်သူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်းမှာ လူဦးရေ (၄၄)သိန်းကျော်နေထိုင်ပြီး ဒေသတွင်း စားရေရိက္ခာ ဖူလုံရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အစဉ်တစိုက် စီမံဆောင်ရွက်လျှက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ သီးနှံစိုက်ဧက (၆၃)သိန်းကျော်ရှိပြီး တောင်သူများအနေဖြင့် ရေမြေသဘာဝနှင့် ကိုက်ညီသည့် မြေပဲနှင့်နှမ်းကို အများဆုံး စိုက်ပျိုးကြပြီး၊ ယခုနှစ်မှာ မြေပဲစိုက်ဧက (၁၀)သိန်းကျော်၊ နှမ်းစိုက် ဧက(၁၃) သိန်း ကျော်ရှိခဲ့ကြောင်း၊ ဒီလုပ်ငန်းတွေ လုပ်ကိုင်ဖို့ တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက နေပြီးတော့လည်း SOPနဲ့အညီ ထုတ်ချေးဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ တောင်သူတွေရဲ့ တစ်ဧက သီးနှံ အထွက်နှုန်းတိုးဖို့ဆိုရင် စိုက်ပျိုးရေးက လုပ်ငန်းစဉ်အတိုင်း မျိုး၊ မြေ၊ ရေ၊ နည်းဟာ အရေးကြီး ကြောင်း၊ မျိုးကောင်း မျိုးသန့်တွေ ဖြန့်ဖြူးနိုင်ဖို့ မျိုးစေ့ထုတ်ကုမ္ပဏီနဲ့ အသင်းအဖွဲ့များ၊ တောင်သူ များက မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသလို တစ်ဖက်ကလည်း မြေဩဇာများ အချိန်မီ ထည့်သွင်းနိုင်ဖို့ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တောင်သူများထံ မြေဩဇာဖြန့်ဖြူးရေးလုပ်ငန်းကို ကော်မတီအဆင့်ဆင့်ဆောင်ရွက်ရာမှာ ပြီးခဲ့တဲ့ရာသီက ယူရီးယား မြေဩဇာ အိတ်ပေါင်း(၂၀၀၀၀)ကျော်နဲ့ ကွန်ပေါင်းမြေဩဇာအိတ်ပေါင်း(၂၁၀၀၀)ကျော်ကို သီးနှံပေါ် ပေးစနစ်နဲ့ ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ မကွေးမြို့နယ်သမဝါယမအသင်းစုက ပြုလုပ်တဲ့ ဆွေးနွေး ပွဲဟာ မိမိတို့တိုင်းအတွင်းမှာ ထွက်နေတဲ့ ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနဲ့ ထွက်ရှိလာတဲ့ ကုန်ကြမ်းသီးနှံကို သမဝါယမကဏ္ဍက ဘယ်လိုမျိုးထုတ်ကုန်တွေ တိုးမြှင့်ကြမလဲဆိုတာ မြို့နယ်(၄) မြို့နယ်၊ ကျေးရွာ(၁၂)ရွာရှိ နှမ်းစိုက် တောင်သူ(၄၈)ဦးနဲ့ မြေပဲစိုက်တောင်သူ(၄၈)ဦးတို့က ဆွေးနွေး နေကြတာဖြစ်ကြောင်း၊ ဒီလို ဆွေးနွေးပွဲမှာ လက်တွေ့စိုက်ပျိုးရေးလုပ်ငန်း လုပ်နေတဲ့တောင်သူတွေ အနေနဲ့ ဆွေးနွေးပေးကြလို့ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် များစွာအထောက်အကူပြုကာ၊ တောင်သူ အချင်းချင်းလည်း စိုက်ပျိုးရေး နည်းပညာတွေကို ဖလှယ်ခွင့်ရရှိမှာဖြစ်ပါကြောင်း၊ (၁)ဧက ပန်းတိုင်အထွက်နှုန်းရရှိပြီး ကုန်ကြမ်း ပစ္စည်းများပေါများစွာ ရရှိလာတာနဲ့အမျှ ကုန်ချောထုတ်လုပ် ရေးကိုလည်း တိုးတက်ထုတ်လုပ်နိုင်မှာဖြစ်ပြီး၊ ဆီထွက်သီးနှံ စိုက်ဧကများတဲ့ မိမိတို့တိုင်းမှာ ဆီကြိတ်ခွဲလုပ်ငန်းတွေ များများလုပ်နိုင်ရင် နိုင်ငံရဲ့ဆီဖူလုံမှုကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ မကွေးမြို့နယ် သမဝါယမအသင်း စု အနေဖြင့် တန်( ၂၀ )ကျ ဆီကြိတ်ခွဲစက်(၁)လုံး ၊ တစ်ရက်ပိဿာ (၁၀၀) ကျဆီစက် (၂)လုံး စုစုပေါင်း ဆီစက်(၃)လုံး လည်ပတ်ပြီး တစ်ရက် ဆီပိဿာ (၁၀ဝဝ)အထိ ထုတ်လုပ်ရောင်းချနိုင်အောင် စီမံဆောင်ရွက်နေတယ်လို့ သိရပြီး၊ ဒေသတွင်း ကြိတ်ခွဲစက်များရှိခြင်းအားဖြင့် အခြားဒေသများက မှာယူဖို့ မလိုတဲ့အတွက် တိုင်းအတွင်းရှိ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်မှာ ဖြစ်ပါကြောင်း၊ သမဝါယမစနစ်ကို ကြည့်မယ် ဆိုရင် လုပ်ငန်းတစ်ခုကို အောင်မြင်အောင် အတူတကွ ပူးပေါင်း ဆောင်ရွက်တာဖြစ်ပြီး၊ အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့အခါ ငွေအား၊ လူအင်အားသာမက အကြံဉာဏ်ကောင်းများနှင့် စုပေါင်းဆောင် ရွက်ကြဖို့လိုပါကြောင်း၊ မိမိတို့တိုင်းအတွင်း သမဝါယမအသင်းများ ဖွံ့ဖြိုးဖို့ ဥစားကြက်မွေးမြူရေး လုပ်ငန်း၊ သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်း၊ စပါးကြိတ်ခွဲစက် လုပ်ငန်း၊ အာလူးအအေးခန်း စက်ရုံ၊ လုပ်ငန်းတွေအတွက် စုစုပေါင်း(၁.၂)ဘီလျံကို တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကနေထုတ်ချေးပေးပြီး၊ ဒီလုပ်ငန်းတွေ စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ သမဝါယမဦးစီးဌာနအနေနှင့် ကြပ်မတ်ဆောင်ရွက်ပေးဖို့ လိုသလို ဆက်စပ်ဌာနများကလည်း ကူညီဆောင်ရွက်ပေးဖို့လိုပါကြောင်း၊ ဒီကနေ့ ဆွေးနွေးပွဲကနေ ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအားမြင့်မားရေး၊ ထုတ်ကုန်တိုးမြှင့်ရေးအတွက် ရလဒ်ကောင်းများ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ပါကြောင်းနှင့်  စိုက်ပျိုး ရေးမှာ ထဲထဲဝင်ဝင် လုပ်ဆောင်ရမှာက အသင်းသား တောင်သူတွေဖြစ်လို့ ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

          ဆက်လက်၍ နံနက်ပိုင်း ဆွေးနွေးပွဲမှ ထွက်ရှိလာသော ရလဒ်များအရ ဆီထွက်သီးနှံ စိုက်ပျိုး စွမ်းအားမြှင့်တင်ရေးနှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက လည်းကောင်း၊ စားသုံးဆီထုတ်ကုန်တိုးမြှင့်ရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ရင်းနှီးမတည်ငွေထူထောင်ရေး၊ ကုန်ကြမ်းရရှိရေး၊ ဈေးကွက်ရရှိရေးနှင့် ပတ်သက်၍ မကွေးမြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ ကလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးအောင်သူဦးက ဖြည့်စွက် ဆွေးနွေးခြင်းများဆောင်ရွက်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် သမဝါယမအသင်းစု၊ တန်(၃၀)ဆီစက်အတွင်း လုပ်ငန်းလည်ပတ်ဆောင် ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း