မကွေး မတ် ၁၆
မကွေးတိုင်းဒေသကြီး တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် မိတ်ဆက်အခမ်း အနားကို မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ မတ်လ ၁၈ ရက်နေ့တွင် ကျင်းပ သွားမည်ဖြစ်ပြီး၊ ကြိုတင်ရောက်ရှိလာပြီဖြစ်သော တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့် တိုင်းပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ တိုင်းပြည်သူ့ဆေးရုံကြီးတွင် တိုင်းဒေသကြီးအတွင်းမှ လွှတ်တော်ကိုယ်စားလှယ်(၄၆)ဦး၊ တပ်မတော်သားကိုယ်စားလှယ်(၁၅)ဦး စုစုပေါင်းကိုယ်စားလှယ်(၆၁)ဦးတို့အား ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးနေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုယ်စားလှယ်တော်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များ ဆောင်ရွက်ပေးသည်။
မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် အစည်းအဝေးကို မတ်လ ၂၀ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအဖြစ် FTPT စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်(၂၀)ဦး၊ MMP စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး၊ ချင်းတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း(၄၆)ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦး စုစုပေါင်း ကိုယ်စားလှယ်(၆၁)ဦးတို့ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ စုံညီစွာ ရောက်ရှိပြီဖြစ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည့် အစီအမံများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။




