မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

မကွေး    ဧပြီ    ၇

          တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဧပြီ ၇ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးက တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ စတင်ကျင်းပကြောင်းနှင့် တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့သဖြင့် အစည်းအဝေးကို အထမြောက်ကြောင်း ကြေညာကာ၊ တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့သို့ တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်က မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌက  အသိပေးပြောကြားသည်။

          ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရ သူကအဆိုပြုသော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေး သင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်း၊ ချင်းတိုင်းရင်းသား လူမျိုးရေးရာ ဆောင်ရွက်နိုင်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်း၊ မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်း၊ မကွေးတိုင်းဒေသကြီး တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းနှင့် မကွေးတိုင်း ဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၏ အမည်စာရင်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည့်အတွက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌက အတည်ပြုကြောင်း ကြေညာသည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူက အဆိုပြုသော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၏ အမည်စာရင်းကို ကြေညာရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် အောင်လံမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ် အမှတ်(၁)မှ ဦးစန်းလွင်၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ် ကိုယ်စား လှယ်အမှတ်(၂)မှ ဒေါ်နွယ်နီနိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် နတ်မောက်မြို့နယ်မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၁)မှ ဦးဆန်းညွန့်အောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် မင်းဘူးမြို့နယ်မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)မှ ဦးအောင်နိုင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစိုင်းမြင့်အေး၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် နတ်မောက် မြို့နယ်မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)မှ ဦးကြည်ထွန်း၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် အဖြစ် ဦးအေးလွင်၊ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်အဖြစ် ဒေါ်အေးအေး၊ မကွေးတိုင်းဒေသကြီးတရား သူကြီးချုပ်အဖြစ် ဒေါ်မိမိမော်၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများအဖြစ် ဒေါ်ခင်နှင်းထွဋ်၊ ဦးထွန်းထွန်းအောင်နှင့် ဒေါ်မာလာ တို့အား ခန့်အပ်တာဝန်ပေးအပ်ကြောင်း လွှတ်တော်သို့တင်ပြရာ လွှတ်တော်က အတည်ပြုရန် သဘောတူသဖြင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌက အတည်ပြုကြောင်း ကြေညာသည်။

          ထို့နောက် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ပဉ္စမနေ့ကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက် ၊ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း