မကွေး ဧပြီ ၁၁
မကွေးတိုင်းဒေသကြီး ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်အတာသင်္ကြန် ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၁၃၈၇ ခုနှစ် လမ်းလျှောက်အတာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ လမ်းလျှောက်အတာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ၁၃၈၇ - ခုနှစ် လမ်းလျှောက်အတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်အတာသင်္ကြန် ပွဲတော်ကို မကွေးမြို့၊ ကမ်းနားလမ်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိပြီး ဖြစ်ပါ ကြောင်း၊ ကော်မတီဝင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ၏ အခက်အခဲများအပေါ် တင်ပြဆွေးနွေးပေးကြရန်လိုအပ်ကြောင်း၊ လမ်းလျှောက် အတာသင်္ကြန်မှာ စက်သုံးဆီချွေတာတဲ့အနေနဲ့ ဧရာဝတီမြစ်အတွင်းမှ ဆိုလာစနစ်ဖြင့် ရေစုပ်ယူပြီး အသုံးပြုသွားမည်ဖြစ်ကြောင်း၊ သန့်ရှင်းသောရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှ ကြပ်မတ်ဆောင်ရွက်သွားစေလိုကြောင်း၊ ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် ပိုမို၍ စည်ကားစွာကျင်းပနိုင်ရေး၊ အေးချမ်းပျော်ရွှင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရန်နှင့် သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာဆင်နွဲနိုင်ရေးအတွက် လုံခြုံရေးအစီအမံများကို အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် ဗဟို မဏ္ဍပ်(၁)ခုနှင့် ဝန်ကြီးဌာနမဏ္ဍပ် (၅) ခုတို့တွင် စတုဒီသာများ နေ့စဉ်ကျွေးမွေးလှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်စေလိုကြောင်း၊ မြန်မာ့ရိုးရာ ရေသဘင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် သက်ဆိုင်ရာကော်မတီများအနေဖြင့် ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို အချိန်မီပြီးစီးအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးစိုက်ရာ မကွေးမြို့၊ ကမ်းနားလမ်း We Love Magway အနီး ဧရာဝတီမြစ်ကမ်းနားဘေး၌ ဇီဝိတဒါနငါးလွှတ်ခြင်း၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက် မှုနှင့် သွားအတု(အံပုံ)များ ဆောင်ရွက်ပေးခြင်း၊ အသက်(၈၅)နှစ်အထက် ဘိုးဘွားပူဇော်ပွဲတို့အား ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာ ရေသဘင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် သက်ဆိုင်ရာ ကော်မတီများအနေဖြင့် ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို အချိန်မီပြီးစီးအောင် ဝိုင်းဝန်း ပူးပေါင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်အတာသင်္ကြန် ရေသဘင် ပွဲတော်ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မြန်မာ့ရိုးရာ ယဉ်ကျေးမှုလမ်းလျှောက်အတာသင်္ကြန် ရေသဘင်ပွဲတော်စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ အစည်း အဝေးသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်း ကော်မတီများအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်အတာသင်္ကြန် ရေသဘင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက တင်ပြဆွေးနွေးဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




