မကွေး ဧပြီ ၁၁
မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားသမားများအချင်းချင်း သွေးစည်း ညီညွတ်မှု စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးချွန်ထက် မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်နှင့်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းနားကို ဧပြီလ ၁၀ ရက်နေ့ ညနေ ၄ နာရီ က တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖနှင့် လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသော အားကစား ဝါသနာရှင်များ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ် အဖြစ်(အောင်လံ)ခရိုင်အသင်းနှင့် (မင်းဘူး)ခရိုင်အသင်းတို့ ပြိုင်ပွဲဝင် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု အားပေးကာ (မင်းဘူး) ခရိုင်အသင်းမှ (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနား ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်း ကစားသမားဆု၊ အကောင်းဆုံး အလယ်တန်းကစားသမားဆု၊ အကောင်း ဆုံးရှေ့တန်း ကစားသမားဆု၊ အကောင်းဆုံး အားကစားသမားဆုနှင့် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော (အောင်လံ)ခရိုင်အသင်းနှင့် အနိုင်ရဗိုလ်စွဲခဲ့သော(မင်းဘူး)ခရိုင်အသင်းတို့အား တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆွဲပြားများ၊ ဆုကလပ်နှင့် ငွေသား ဆုများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၆ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက် မြင့်မားရေးကို အထောက်အကူပြုစေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံး အားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေး၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်သွေးသစ် ဘောလုံးအားကစား သမားများ ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံး အားကစားသမားကောင်းများ ထွက်ပေါ်လာစေရေး ရည်ရွယ်၍ သက်တန်းအလိုက် ဘောလုံးအားကစားပြိုင်ပွဲများကို ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ယခုပြိုင်ပွဲကို အုပ်စု (က) နှင့် အုပ်စု(ခ) ပတ်လည်ကစား၍ ဧပြီလ(၁)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြိုင်ပွဲဝင် ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။



