မကွေး ဧပြီ ၁၃
မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့ ကမ်းနားလမ်း We Love Magway ကျောက်သားဥယျာဉ်အနီး၌ ကျင်းပရာ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဒေါက်တာ မောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုက နှစ်သစ်ဆုတောင်းစကား ပြောကြားရာတွင် မဟာသင်္ကြန်ပွဲတော်သည် မြန်မာတို့၏ တန်ဖိုးမဖြတ် နိုင်သော ရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုဖြစ်သည့်အပြင် တစ်ဦးနှင့် တစ်ဦးချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိ လာစေခြင်း၊ မေတ္တာစိတ်ဖြင့် သည်းခံခွင့်လွှတ်ခြင်းများ တိုးပွားလာစေခြင်း ဓလေ့စရိုက်ကောင်းများ ဖြစ်ထွန်းစေခြင်းစသည့် အနှစ်သာရများနှင့် ကျင်းပသည့် ထူးခြားလေးနက်တဲ့ မြန်မာ့ရိုးရာ ပွဲတော်ကြီးဖြစ်သဖြင့် ယဉ်ကျေးမှု အစဉ်အလာ မြင့်မားသည့် လူမျိုးတွင် မြန်မာလူမျိုးသည် ထိပ်ဆုံးမှ ပါဝင်သည့်အတွက် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နှစ်သစ်ကူး အခါသမယတွင် ဘုရားပုထိုး၊ စေတီ၊ တန်ဆောင်း၊ ကျောင်းကန် များသို့ သွားရောက်ပြီး ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း အလှူဒါနပြုခြင်း၊ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ဆေးကြော သန့်စင်ခြင်း၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် သံဃာတော် အရှင်သူမြတ် များက ရပ်ကွက်များ၊ လမ်းများအလိုက် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈယ် ခြင်း၊ ရေစက်သွန်းချ အမျှပေးဝေကြခြင်း၊ မိမိထက် အသက်အရွယ်ကြီး၍ ဂါရဝပြု ရိုသေလေးစား ထိုက်သူ သက်ကြီးရွယ်အို အဘိုး၊ အဘွား၊ အနန္တဂိုဏ်းဝင် မိဘ၊ ဆရာသမားများကို ပူဇော်ခြင်း၊ သုခိတာ ဒုက္ခိတာ သတ္တဝါများအား ကြင်နာသနား ကရုဏာပွား၍ ဘေးမဲ့လွှတ်ခြင်း စသည့် နှစ်လို ဖွယ်ရာကောင်းမှုကုသိုလ်များကို မြန်မာပြည်သူ ပြည်သားအားလုံး ပြုလုပ်ကြသည့်ပွဲတော်ကြီး လည်းဖြစ်ပါကြောင်း၊ ယခုနှစ် အတာသင်္ကြန်တွင် မြန်မာ့ အမျိုးသားရေး စိတ်ဓာတ် ပေါ်လွင်နိုင်ရေး မြန်မာလူမျိုးများ၏ ဂုဏ်သိက္ခာ ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို စိတ်သစ်လူသစ် ခွန်အားသစ်များဖြင့် ထိန်းသိမ်းစောင့်ရှောက်ရင်း ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲကြစေလိုကြောင်း၊ အထူးသဖြင့် လူငယ်များ အနေနဲ့ မြန်မာ့ရိုးရာ သင်္ကြန်ရဲ့ အနှစ်သာရကို မပျောက်ပျက်စေဘဲ ခေတ်နှင့် ဆီလျော်စွာတစ်ဦးပေါ်တစ်ဦး မေတ္တာထားကာ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို စိတ်သစ် လူသစ် ခွန်အားသစ်များဖြင့် ထိန်းသိမ်းစောင့်ရှောက်ရင်း မြန်မာ့ရိုးရာသင်္ကြန်အနှစ်သာရအား မပျောက်ပျက်စေဘဲ ပျော်ရွှင်စွာ ရေကစားနိုင်ကြပါစေကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးမြို့၊ လမ်းလျှောက်မဟာသင်္ကြန်ဖွင့်ပွဲအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံ တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိ သူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ လွှတ်တော်ဥက္ကဌ ဒေါက်တာ မောင်မောင်ဌေးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ဝင်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များမှ သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက် ခဲ့ပြီး၊ ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသော ဖျော်ဖြေရေးအကအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ၊ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်အတွင်း ရေပတ်ကစားနေမှုများကို လှည်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ၂၀၂၆-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲကို မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၊ ဝန်ကြီးဌာနမဏ္ဍပ်(၅)ခုဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှအဖွဲ့(၁၉)ဖွဲ့က ယှဉ်ပြိုင်ကပြဖျော်ဖြေ မည်ဖြစ်ပြီး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်ရန်နှင့် စက်သုံးဆီ သုံးစွဲမှု ကုန်ကျစရိတ်များ သက်သာစေရန် ဧရာဝတီမြစ်အတွင်းမှ ရေများကို ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ဖြစ်သော နေရောင် ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် မြစ်ရေတင်ယူကာ လာရောက်ရေကစားသူများအား စိတ်အေးချမ်း သာစွာရေကစားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး၊ ဗဟိုမဏ္ဍပ်နှင့် ရေကစား မဏ္ဍပ်များသို့ လာရောက်ကြည့်ရှုအားပေးသည့် ရေကစားလာ ပြည်သူများနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့များအား သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ် စတုဒီသာမုန့်များဖြင့် ဧည့်ခံကျွေးမွေး သွားမည်ဖြစ်ပြီး၊ လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက် မြိုက်စွာကျင်းပ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွတ်ခြင်း၊ သက်ကြီးဘိုးဘွား များကိုကန်တော့ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ပရိတ်တရားတော်များရွတ်ဖတ်ခြင်း အစီ အစဉ်များကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။





