မကွေး ဧပြီလ ၁၆
မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာများနှင့်အညီစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာမဟာသင်္ကြန်အတက်နေ့ ညနေပိုင်းက မကွေးမြို့၊ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ယိမ်းအက ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ လွှတ်တော်ဒု-ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ၊ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များနှင့် မိဘပြည်သူများတက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို မကွေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများက ဒဂုံမောင်သီချင်း ဖြင့်ကပြဖျော်ဖြေ၍ အခမ်းနားကိုစတင်ခဲ့ပြီး ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန် ရေသဘင်ပွဲတော်တွင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ယိမ်းအဖွဲ့(၁၉)ဖွဲ့အနက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု၊ ပဉ္စမဆု ရရှိသောပြိုင်ပွဲဝင် ယိမ်းအဖွဲ့ဝင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို နှင့်တာဝန်ရှိသူများကဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်သစ်ဆုတောင်းမင်္ဂလာစကားပြောကြားရာ သင်္ကြန်ဟူသည် "သင်္ကန္တ" ဆိုသည့် သက္ကတဘာသာမှ ဆင်းသက်လာပြီး နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းကို ဆိုလိုခြင်းဖြစ်သလို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း ကျွန်တော်တို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို UNESCO (ယူနက်စကို) ရဲ့ လူသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တရားဝင်သတ်မှတ်ခြင်း ခံခဲ့ရပြီးဖြစ်သည့်အတွက် ယခုနှစ်တွင် မြန်မာ့သနပ်ခါးဓလေ့ကိုပါ လမ်းလျှောက်သင်္ကြန်နှင့် တွဲဖက်ကာ ဂုဏ်ယူစွာဖော်ကျူးဆောင်ရွက်နိုင်ခဲ့ပါကြောင်း ဦးစွာပြောကြား လိုပါတယ်၊ ယခုနှစ်တွင် ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်အားလုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး မြို့နယ် ၂၁ မြို့နယ်စလုံး၌ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့သည့်အပြင် ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ်များတွင်လည်းယိမ်းအဖွဲ့ ၁၉ ဖွဲ့နှင့်အတူ ဒေသခံအနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ စတုဒီသာကျွေးမွေးလှူဒါန်းမှုများကို နေ့စဉ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့၌လည်း ဧရာဝတီမြစ်အတွင်း ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် အသက် ၈၅ နှစ်အထက် ဘိုးဘွားများကို ပူဇော် ကန်တော့ခြင်း၊ သွားတုလိုအပ်သော ဘိုးဘွားများကို အခမဲ့တပ်ဆင်ပေးခြင်းတို့အပြင် မြို့နယ် အလိုက် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းနှင့် ဘိုးဘွားများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း လက်သည်း လှီးဖြတ်ပေးခြင်း စသည့် ကုသိုလ်ရေးများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း စိတ်သစ်၊ လူသစ်၊ ခွန်အား သစ်များဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို အလေးထား ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံသူ/သားအားလုံး ဘေးဥပါဒ်အန္တရာယ်ကင်းစင်ကာ စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ရေသဘင်ပွဲတော်အား ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။
ဆက်လက်ပြီး ပြိုင်ပွဲဝင်ယိမ်းအကမယ်လေးများက "လမ်းလျှောက်သင်္ကြန်" သီချင်းဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။





