မကွေး ဧပြီ ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ ကုသိုလ်အဖြစ် သက်ကြီးအဘိုး၊ အဘွားများအားပူဇော်ကန်တော့ပွဲကို ယမန်နေ့ ညနေပိုင်းက မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာ၌ ကျင်းပရာအခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို နှင့် ဇနီး၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များတက် ရောက်ကြသည်။
ဦးစွာအခမ်းနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ကာ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးဦးထိတ်ထား၍ သက်ကြီးဘိုးဘွားများအားရှင်ခိုးကန်တော့ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက မကွေးမြို့ပေါ်နှင့်ဖန်ခါးမြေဘိုးဘွားရိပ်သာမှ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း ၆၅ ဦးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ တို့က စုစုပေါင်း လှူဒါန်း ငွေကျပ် ၆၄ သိန်းကျော်တန်ဖိုးရှိ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား လှူဒါန်းပေးအပ်ကန်တော့ ကြပြီး အဘိုး၊ အဘွားများကိုယ်စား သက်ကြီးအဘိုးတစ်ဦးက ဆုတောင်းမေတ္တာ ပြန်လည်ပို့သပေးခဲ့ ပြီး “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။



