ပွင့်ဖြူ ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် ဧပြီ ၁၉ ရက် ၊ ညနေ ၅ နာရီ အချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါ မြို့နယ်များမှ လေဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်က ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို တက်ရောက်၍ အမှာစကားပြေားပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သိရသည်။
ဦးစွာ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့မှုအခြေအနေများနှင့်စပ်လျဉ်း၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက သဘာဝဘေးအန္တရာယ်သည် အချိန်အခါမရွေးဖြစ်ပွားနိုင်ပြီး ကြိုတင်ခန့်မှန်း၍ မရနိုင်သည့်အတွက် အလေးမမူဘဲ နေထိုင်သည့် အခါတွင် ထိခိုက်ဆုံးရှုံးမှုများ ပိုမိုခံစားရနိုင်ကြောင်း ၊ သဘာဝဘေးအန္တရာယ်များနှင့် စပ်ဆက်ပြီး ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း ၊ ဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အချိန်တိုအတွင်း ဖျက်ဆီးနိုင်တဲ့ စွမ်းအားရှိတာကြောင့် လေပြင်းဘေးအပါ အဝင် ရေဘေး၊ မီးဘေး၊ ငလျင်ဘေး စတဲ့ သဘာဝဘေးအန္တရာယ်စိန်ခေါ်မှုများအပေါ် ဒေသခံပြည်သူ များအနေဖြင့် ဆောင်ရန် ၊ ရှောင်ရန်များကို သိရှိထားပြီး သဘာဝဘေး ဖြစ်ပွားလာပါက အလျင်အမြန် တုံ့ပြန်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ကာ အမြဲ တစေ လေ့ကျင့်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း စသဖြင့် ပြောကြားပြီး လေဘေးသင့်ပြည်သူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများက မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာ(၆)ရွာမှ လုံးဝပျက်စီးသွားသော လူနေအိမ် ၄၈ လုံး ၊ တစ်စိတ် တစ်ပိုင်း ထိခိုက်ပျက်စီးနေအိမ် ၂၃၈ လုံးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၆၇၀၀၀၀၀ ၊ လေဘေးသင့်ပြည်သူ ၇၈၇ ဦး အတွက် နှစ်ပတ်စာ စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၃၉၃၅၀၀၀ ၊ ဒဏ်ရာရသူ (၁)ဦးအတွက် ငွေကျပ် ၅၀၀၀၀၊ စုစုပေါင်းထောက်ပံ့ငွေကျပ် ၂၀၆၈၅၀၀၀ နှင့် တန်ဖိုးငွေ ၅၀၆၈၅၄၄ ရှိ ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး (အိမ်ထောင်စု ၄၈ စုစာ) ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၅၈၅၃၅၄၄ အား လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီး ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ပွင့်ဖြူမြို့နယ်အတွင်း လေပြင်းတိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ဒေသခံတောင်သူများ နွေစပါးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေး အတွက် ပြည်တွင်းထုတ် ဒီဇယ်ဆီများ လယ်ယာလုပ်ငန်းခွင်အရောက် အထူးသက်သာသော ဈေးနှုန်း ဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို သက်ဆိုင်ရာစပ်ဆက်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





