မကွေး ဧပြီ ၂၀
မကွေးတိုင်းဒေသကြီးအတွင်းရှိ သက်ကြီးဘိုးဘွားများ၏ ကျန်းမာရေး ကဏ္ဍမြှင့်တင်နိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် အခမဲ့မျက်စိစမ်းသပ်ကုသပေးခြင်းနှင့် သွားတု အံကပ်များ အခမဲ့တပ်ဆင်ပေးနေမှုကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူသွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး တွင် သက်ကြီးအဘိုး၊အဘွားများအား အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသဆောင်ရွက်ပေး နေမှု၊ သွားတုအံကပ်တပ်ဆင်ပေးနေမှု၊ အခမဲ့မျက်စိကုသဆောင်ရွက်ပေးနေမှုနှင့် ဖန်ခါးမြေဘိုးဘွား ရိပ်သာမှ သက်ကြီးဘိုးဘွားများအား အခမဲ့ဆေးဝါးကုသပေးနေမှုအားကြည့်ရှုအားပေးပြီး ဘိုးဘွား များအားအဟာရဖြည့် စွက်စာများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး ပြည်သူဆေးရုံကြီးတွင်သက်ကြီးဘိုးဘွားများအား အခမဲ့ဆေးကုသမှု အဖြစ်သွားနှင့် ခံတွင်း အထူးကုဆရာဝန်ကြီးများ၊ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် အထွေထွေ ရောဂါကုဆရာဝန်ကြီးများကဦးဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကိုဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။




