မကွေး ဧပြီ ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီ က မကွေးမြို့ မြသလွန်စေတီတော် ဘုရားရင်ပြင်တော်၌ ကျင်းပသည်။
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၈)ကျောင်းမှ ဆရာတော်သံဃာတော်(၉၈)ပါး၊ သီလရှင်ကျောင်း(၂၄)ကျောင်းမှ သီလရှင်ဆရာမကြီး(၂၅)ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မကွေးမြို့ မြသလွန်စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် ဇနီး၊ မကွေးတပ်နယ်မှ အကြီးအကဲများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်အသီးသီးရှိ ပါမောက္ခ ချုပ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်၍ စုပေါင်းလောင်းလှူပူဇော်ခဲ့ကြသည်။
ထို့အတူ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေသွန်းပွဲတော် သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေး ဆိုင်ရာပွဲတော် တစ်ခုဖြစ်ပြီး၊ မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်တွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးမြသလွန်ဘုရား ရင်ပြင်တော်ရှိ မဟာဗောဓိညောင်ပင်တော်အား ညောင်ရေသွန်းလောင်းခြင်းနှင့် အန္တရာယ်ကင်း ပဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ဆက်လက်ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် ဇနီး၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အခမ်အနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရာကန်တော့ ဖွင့်လှစ်၍ မဟာဗောဓိ ညောင်ပင်တော်အား ကဆုန်ညောင်ရေ သွန်းလောင်း၍ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်ခဲ့ကြပြီး၊ တိုင်းဒေသကြီးဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားပြု ညောင်ရေသွန်းလောင်းမည့် အဖွဲ့များနှင့် ဘုရားဖူးလာ ပြည်သူများက တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအလိုက် စနစ်တကျလာရောက်ကာ မဟာဗောဓိ ညောင်ပင်တော်အား ညောင်ရေ သွန်းလောင်း ပူဇော်ခဲ့ကြသည်။
ထို့နောက် ဝတ်ရွတ်အသင်းအဖွဲ့များမှ အန္တရာယ်ကင်း ပဌာန်တရားတော်များကို ရွတ်ဖတ် ပူဇော်ကာ၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ညောင်ရေသွန်းလောင်းသည့် အဖွဲ့များ၊ အန္တရာယ်ကင်းပဌာန်းရွတ်ဖတ်ပူဇော်သည့် ဝတ်ရွတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အချိုရည်နှင့် စားသောက်ဖွယ်ရာမုန့်များကို ကုသိုလ်ဒါနပြုလှူဒါန်းခဲ့ကြောင်းနှင့် ကဆုန်လပြည့် အခါသမယတွင် မကွေးမြသလွန်စေတီတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများနှင့် ဒေသခံများ စည်ကားများပြားစွာ ဘုရားဖူးလာရောက်ကာ စိတ်အေးချမ်းစွာဖြင့် ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် တိုင်းပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသူ လူနာများနှင့် မိသားစုဝင်လူနာစောင့်များအား အာဟာရ ဒါနကျွေးမွေးခြင်းအဖြစ်၊ ဆေးရုံတက်လူနာများနှင့် မိသားစုဝင် လူနာစောင့်များ၊ စုစုပေါင်း (၃၀၀) ကျော်တို့အား အာဟာရစားသောက်ဖွယ်ရာ ထမင်းဘူးများနှင့် သောက်ရေသန့်များကို ပေးဝေလှူဒါန်းမှု ပြုခဲ့ကြကြောင်းသိရသည်။





