မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင် မိသားစုများ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင် မိသားစုများ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မကွေး     မေ     ၂

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ မေလ ၂ ရက်နေ့နှင့် ၃ ရက် နေ့များတွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမျိုးလှိုင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင် မိသားစုများ စုပေါင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် ဇီဝိတဒါန ငါးလွှတ်ခြင်း၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုသွေးလှူဒါန်း ခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

          နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မကွေးမြို့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်း ဒေသကြီး မကွေးမြို့ ကမ်းနားလမ်းရှိ We Love Magway ကျောက်သား ပန်းခြံအနီး ဧရာဝတီ မြစ်ကမ်းနံဘေး၌ ကျင်းပပြုလုပ်ရာ  ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများက တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တောင်တွင်း ကြီးမြိုနယ်၊ ပွင့်ဖြူမြိုနယ်နှင့် မြိုသစ်မြိုနယ်တို့မှ ငါးသားပေါက်စခန်းများတွင် မွေးမြူထားသော ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ(၅)သောင်းအား ဧရာဝတီမြစ်အတွင်း ငါးသားပေါက်များ လွှတ်ပေးခြင်းဖြင့် ဇီဝိတဒါန(အဘယဒါန) ကုသိုလ်ရယူခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုအနေဖြင့် မကွေးမြို့ကံ့ကော်တစ်ထောင် ဘုရားပရဝုဏ်အတွင်း တပ်ဖွဲ့ဝင် မိသားစုများ စုပေါင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်ဖြစ်သည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို မီးသတ် တပ်ဖွဲ့ဝင် အင်အား(၁၂၀)ခန့်ဖြင့် စုပေါင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ် ဖြစ်သည့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ဂုဏ်ပြု သွေးလှူဒါန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ သွေးလှူရှင်တပ်ဖွဲ့ဝင်များအား အားဖြည့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။

          မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ဖြစ်သည့် မီးဘေး လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူအကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး စသည်တို့ လုပ်ဆောင်လျက်ရှိပြီး၊ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ဘုရား၊ စေတီ၊ ပုထိုး များတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်းနှင့် တိုင်းပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ဂုဏ်ပြုသွေးလှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းနှင့် မေလ ၅ ရက်နေ့တွင် နှစ်(၈၀)ပြည့်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားကို မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း