မကွေး မေ ၃
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့် ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ အမှုဆောင်အရာရှိ၊ တာဝန်ခံ အင်ဂျင်နီယာများနှင့် တွေ့ဆုံကာ၊ စည်ပင်သာယာရေးလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အဓိကမှာကြားလိုတာကတော့ မြို့သန့်ရှင်း သာယာလှပရေးနဲ့ ပန်းခြံများသာယာလှပရေးတို့ကို အလေးထားဆောင်ရွက်ဖို့ဖြစ်ပြီး၊ မြို့ရဲ့ အဓိက လမ်းမကြီးတွေမှာ ခြုံနွယ်များ၊ ပေါင်းမြက်များရှင်းလင်းထားဖို့၊ အမှိုက်များကို အမှိုက်သိမ်းယာဉ်နဲ့ နေ့စဉ် သိမ်းဆည်းဆောင်ရွက်သွားဖို့၊ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းဖို့ လိုအပ်မှာ ဖြစ်ကာ၊ ပန်းအလှပင်များစိုက်ပျိုးရာမှာလည်း ဒေသနဲ့ကိုက်ညီတဲ့ ပန်းပင်များစိုက်ပျိုးဖို့လည်း လိုအပ်မှာဖြစ်ပြီး၊ ပန်းအလှပင်ဆိုရာတွင် အပွင့်ပွင့်သည့် ပန်းအလှပင်များ၊ အပွင့် မပွင့်သော်လည်း အရောင်အသွေးဖြင့် လှပနေသောပန်းအလှပင်များကို မြေပေါ်တွင်လည်းကောင်း၊ ပန်းအိုးများဖြင့် လည်းကောင်း စိုက်ပျိုးသွားရမှာဖြစ်ပါကြောင်း၊ မြို့သန့်ရှင်းသာယာလှပဖို့ဆိုရင် ခြုံနွယ် ပေါင်းမြက် များရှင်းလင်းခြင်း၊ နေ့စဉ်အမှိုက်များ သိမ်းဆည်းပေးရုံနဲ့ မလုံလောက်ဘဲ ပလက်ဖောင်းများ အမြဲသစ်လွင် တောက်ပနေဖို့ ဆေးသုတ်ခြင်း၊ ကျိုးပဲ့ပီး မကောင်းတော့တဲ့ ပလက်ဖောင်းများကို မွမ်းမံပြင်ဆင်ခြင်း ၊ Flower Box များ၊ ပန်းအိုးများဆေးသုတ်ခြင်းနှင့် ပန်းအလှပင်များကို ပုံဖော်ခြင်း၊ လုံးခြင်း၊ ညှပ်ခြင်းများကိုလည်း ဆောင်ရွက်မှသာလျှင် ပိုမိုတင့်တယ်လှပလာမှာဖြစ်ပြီး၊ လှပ တင့်တယ်မှုကို အရုပ်ဆိုးအကျည်းတန် စေတာကတော့ လမ်းဘေးကျူးကျော်မှုတွေဘဲ ဖြစ်တဲ့အတွက် လမ်းဘေးကျူးကျော်မှုတွေကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ အထူးအလေးထား ရှင်းလင်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ပန်းခြံများ စိမ်းလန်းစိုပြေသာယာ လှပမှု ရှိစေရေးအတွက် မြို့တိုင်းလိုလိုမှာ ပန်းခြံများ ရှိတာကိုတွေ့ရှိရပြီး ပန်းခြံများ စိမ်းလန်းစိုပြေရေး သာယာလှပရေးတို့အတွက်ကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ပေးရတာ ဖြစ်ပြီး၊ ပြည်သူများစိတ်ချမ်းမြေ့စွာဖြင့် ကိုယ်စိတ်အပမ်းဖြေ နိုင်ရေးဟာလည်း လိုအပ်ချက်တစ်ခု ဖြစ်တဲ့အတွက် ပန်းခြံများ စိမ်းလန်းစိုပြေနေစေဖို့၊ ပန်းအလှပင်များ မြေယာရှုခင်းအလှများဖြင့် လှပတင့်တယ်နေစေဖို့၊ ကလေးကစားကွင်းများ၊ ခေတ္တနားနေစရာများ ဆောင်ရွက်ထားရှိပြီး ပြည်သူများစိတ်အပမ်းဖြေရာ နေရာကောင်းတစ်ခု ဖြစ်တည်စေရေး မြို့နယ်စည်ပင်သာယာရေး အဖွဲ့ များမှ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ သာယာလှပရေး အတွက် လိုအပ်တဲ့ပန်းပင်တွေကိုတော့ နှစ်စဉ်ဘတ်ဂျက်တွေမှာ ထည့်သွင်းလျာထားပြီး ဝယ်ယူ စေခြင်း၊ အဖွဲ့ပိုင်ပျိုးခြံတွေမှာ ဒေသနဲ့ကိုက်ညီတဲ့ ပျိုးပင်များကို ပျိုးထောင်စေခြင်း စတဲ့နည်းလမ်း တွေနဲ့ မြို့သာယာလှပရေးနဲ့ ပန်းခြံစိမ်းလန်းစိုပြေရေးတို့ကို ဆောင်ရွက်မယ်ဆိုပါက တစ်နှစ်ထက် တစ်နှစ် ကောင်းမွန်တိုးတက်လာမှာဖြစ်သလို၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်(၁၈)ချက်ကိုလည်း အလေးထားလိုက်နာဆောင်ရွက်ဖို့ မှာကြားလိုပါကြောင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တွေဟာ မြို့ရဲ့ဝင်ငွေရရှိမှု အခြေအနေပေါ်မှာ မူတည်ပြီး အထူးအဆင့်(က) အဆင့် (ခ)အဆင့် စသည်ဖြင့် ဖွဲ့စည်းထားတာဖြစ်ပြီး ဖွဲ့စည်းပုံ ဝန်ထမ်းအင်အား အနေအထား ခြင်းလည်း မတူညီတာကိုတွေ့ရှိရကြောင်း၊ တစ်တိုင်းလုံး ဝန်ထမ်း အင်အားကို ကြည့်မယ် ဆိုရင် ခွင့်ပြု(၂၄၇၅)ဦး၊ ခန့်ထား(၁ဝဝ၉)ဦး၊ လစ်လပ်(၁၄၆၆)ဦး ဖြစ်တဲ့ အတွက် ခန့်ထားမှ ရာခိုင်နှုန်း ဟာ(၄၁%)လောက်ဘဲရှိတာကို တွေ့ရှိရပြီး ဝန်ထမ်းခန့်ထားမှ နည်းပါးမှုရှိသော်လည်း စည်ပင် သာယာရေးဆိုင်ရာလုပ်ငန်းတွေကို လက်ရှိအချိန်မှာ အောင်မြင်အောင် ဆောင်ရွက်နေတာကို တွေ့ရှိရတဲ့အတွက် ကျွန်တော့်အနေနဲ့ ကျေနပ်မိပါကြောင်း၊ လက်ရှိအချိန်ဟာ ပူပြင်းတဲ့နွေရာသီကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် အဖွဲ့ပိုင်ဈေးများ မီးဘေး လုံခြုံရေးကို တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့က ညွှန်ကြားထားရှိတဲ့ ညွှန်ကြားအချက်များအပေါ် အလေးထားလိုက်နာ ဆောင်ရွက်ပေးဖို့၊ မြို့ရေပေးရေး ဆောင်ရွက်ပေးရတဲ့ မြို့များအနေနဲ့လည်း ရရှိတဲ့လျှပ်စစ်မီး အပေါ်မှာ မြို့နေပြည်သူများကို ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး စေတနာထား ဆောင်ရွက်ပေး ကြဖို့ အလေးထားမှာကြားလိုပါကြောင်း၊ ကျွန်တော်တို့အစိုးရအဖွဲ့အသစ်အနေဖြင့် ၂၀၂၆-၂၇ ခု၊ ဘဏ္ဍာရေးနှစ်ပထမရက်(၁၀၀)ကာအတွင်း မြို့နယ်အလိုက်ဆောင်ရွက်မဲ့ Quick Winလုပ်ငန်း ပေါင်း(၁၃၁)ခု ရှိပြီး ငွေကျပ်(၁၇၆၈.၀၃၆)သန်းဖြင့် ဆောင်ရွက်ရာမှာ သတ်မှတ်အချိန်အတွင်း စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့၊ မြို့သန့်ရှင်း သာယာလှပရေး၊ ပန်းခြံများစိမ်းလန်းစိုပြေပြီး စိတ်ချမ်းမြေ့စွာ အပမ်းဖြေအနားယူနိုင်ရေး ၂ဝ၂၆-၂၇ ခု ဘဏ္ဍာရေးနှစ် အတွက် သတ်မှတ်လျာထား ဘတ်ဂျက်ပြည့်မီတဲ့အပြင် ကျော်လွန်စွာ ရရှိစေရေး၊ အဖွဲ့ပိုင်ဈေးများ မီးလောင်မှုမရှိစေရေး၊ မြို့ရေပေးရေး ဆောင်ရွက်ရတဲ့မြို့များအနေနဲ့ ပြည်သူ လူထုထံရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးနဲ့ Quick Win လုပ်ငန်းများကိုလည်း သတ်မှတ်ရက် (၁၀၀)အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြဖို့နဲ့ စည်ပင် သာယာ ရေးလုပ်ငန်းများ အောင်မြင်တိုးတက် စေရေးတို့အတွက် တက်ရောက်လာကြတဲ့ မြို့နယ်များမှ အမှုဆောင်အရာရှိများ၊ တာဝန်ခံ အင်ဂျင်နီယာများမှ အဖွဲ့ဝန်ထမ်းများအားလုံးကို ဦးဆောင်ပြီး အားသွန် ခွန်စိုက်ကြိုးပမ်း ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှုးက စည်ပင်သာ ယာရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ တက်ရောက်လာသည့် အမှုဆောင်အရာရှိများက မြို့နယ်အလိုက် စည်ပင်သာယာ ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နိဂုံးချုပ် အမှာစကားများပြောကြား ခဲ့ကြောင်း သိရသည်။



