မကွေး မေ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အဆင့်မြှင့်ဈေးကြီးတစ်ခု ပေါ်ထွက်လာ စေရန် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တော်ဝင်ချမ်းသာ ဆောက်လုပ်ရေး ကုမ္ပဏီလိမိ တတ်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် အဆင့်မြင့်ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးစီး၍ ဖွင့်ပွဲ အခမ်းအနားကို မေ ၁၄ ရက် နံနက် ၈ နာရီအချိန်က အဆိုပါဈေးရှိ သတ်မှတ်နေရာ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်သည်။
ဦးစွာ အခမ်းအနားတွင် အဆင့်မြင့်ဈေးဆိုင်ခန်း(၅၈)ခန်းအား အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်မိမိမော်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးကြည်ထွန်း တို့က ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မင်းဘူးမြို့မဈေး အဆင့်မြင့် ဈေးဆိုင်ခန်း ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကာ စကုမြို့ No.1 ကိုယ်ပိုင် အထက်တန်း ကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဈေးဆိုင်ခန်းများ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင် အရာရှိထံ လွှဲပြောင်းပေးအပ်ပြီး၊ အမှုဆောင်အရာရှိက ဆိုင်ခန်းပိုင်ရှင်များကိုယ်စား ဆိုင်ခန်းရှင်တစ်ဦး ထံ ဆိုင်ခန်းမှတ်ပုံတင်စာအုပ်နှင့် ဆိုင်ခန်းသောများ ပေးအပ်ခဲ့သည်။
ယင်းနောက် ရှင်းလင်းဆောင်၌ မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးကျော်သူနှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက အဆင့်မြင့်ဈေးဆိုင် ခန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အဆင့်မြင့်ဈေးဆိုင် ခန်းများအတွင်းရောင်းချနေသည့် ဈေးသည်များနှင့် ဈေးရောင်း၊ ဈေးဝယ်များ အနေဖြင့် စည်းကမ်း တကျ စိတ်အေးချမ်းသာစွာ ရောင်းဝယ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဈေးကြီးမီးဘေး လုံခြုံးရေးလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး အဆင့်မြင့်ဈေး ဆိုင်ခန်းသစ်များ ဖွင့်လှစ်ရောင်းချပေးနေမှု အခြေအနေများကို လှည့်လည်ကြည်ရှု စစ်ဆေးခဲ့သည်။
မင်းဘူးမြို့၊ မြို့မဈေးကြီးအတွင်း၌ အဆင့်မြင့်ဈေးဆိုင်ခန်းများ ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တော်ဝင်ချမ်းသာ ဆောက်လုပ်ရေး ကုမ္ပဏီလိမိတတ်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်၍ ဈေးမြောက်ဘက်ခြမ်းနှင့် ဈေးအရှေ့ ဘက်ခြမ်း ရှိ ယခင်ပျံကျဈေး ဆိုင်ခန်းများနေရာတွင် အဆင့်မြင့်ဈေး တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ဈေးအ ဆောက်အဉီ အရွယ်အစားမှာ (၁၀ ပေ x ၁၇ ပေ x ၁၇ ပေ)ရှိ Steel Structure အမျိုးအစား ဖြစ်ကာ နှစ်ထပ်ဈေးဆိုင်ခန်းစုစုပေါင်း (၅၈)ခန်းဖြင့် ဖေဖော်ဝါရီ ၂၇ ရက်က စတင်ဆောက်လုပ် ခဲ့ကြောင်း၊ အဆိုပါ ဈေးကြီး ဆောက်လုပ်နိုင်ခဲ့သည့်အတွက် မင်းဘူးမြို့တွင် အဆင့်မြှင့်ဈေးကြီး တစ်ခုပေါ်ထွက်လာပြီး ဈေးဆိုင်ခန်း တစ်ခန်းလျှင် ငွေကျပ် သိန်း ၉၅၀ ဖြင့် ရောင်းချပေးနိုင်ခဲ့သည့် အတွက် နိုင်ငံတော် ဘဏ္ဍာသို့ ငွေကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဈေးဆိုင်ခန်းပေါင်း စုံလင်စွာဖြင့် မြို့မဈေးကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာကာ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာမည် ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။




