မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင်း လုပ်ငန်းနှင့် သစ်တောဦးစီးဌာနတွင် ပျိုးပင်များ ပျိုးထောင်ထားမှုအား ကြည့်ရူ့စစ်ဆေး၊ နေပြည်တော်သို့ သွားရောက်မည့် အခြေခံလေကြောင်းလူငယ် သင်တန်းသားများအား ပို့ဆောင်နှုတ်ဆက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင်း လုပ်ငန်းနှင့် သစ်တောဦးစီးဌာနတွင် ပျိုးပင်များ ပျိုးထောင်ထားမှုအား ကြည့်ရူ့စစ်ဆေး၊ နေပြည်တော်သို့ သွားရောက်မည့် အခြေခံလေကြောင်းလူငယ် သင်တန်းသားများအား ပို့ဆောင်နှုတ်ဆက်

မကွေး မေ ၁၇

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်း မြေအောက်ရေ ရေရှည်တည်တံ့ဖွင့်ဖြိုးစေရေအတွက် မကွေးမြို့ရှိ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာ(ရေအရင်းအမြစ်) ရုံးဝန်း အတွင်း ဆောင်ရွက်ထားသော မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင်း လုပ်ငန်းအား သွားရောက် ကြည့်ရှု့စစ်ဆေးသည်။

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာ(ရေအရင်းအမြစ်)သို့ ရောက်ရှိစဉ် မြေအောက်ရေ ပြန်လည် ဖြည့်တင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာ(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေအတွက် မြေအောက်ရေကို အဓိကထား သုံးစွဲနေကြသည့်အပြင် ရေအောင်းလွှာ ကောင်းမွန်သော နေရာဒေသများတွင် စိုက်ပျိုးရေအတွက်ပါ ထုတ်ယူသုံးစွဲလျက်ကြောင်း၊ ရာသီတု ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်လာသည့် မြို့ ရွာများတွင် လမ်း၊ အိမ်ဝန်းများအတွင်း ကတ္တရာ၊ ကွန်ကရစ်ခင်းခြင်းများ တိုးတက်လာသည့်အတွက် ရွာသွန်းမိုးရေဖြင့် မြေကြီးအတွင်း စိမ့်ဝင်မှု နည်းပါးပြီ မြေအောက်ရေ ပြန်လည်ဖြည့်တင်းမှု လျော့နည်းလာခြင်းတို့ကြောင့် မြေအောက်ရေ ပြန်လည် ဖြည့်တင်းခြင်းလုပ်ငန်း (Artificial GroudWater Recharge)ကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ထားရှိသော မြေအောက်ရေပြန်လည်ဖြည့်တင်းခြင်း နည်းစနစ်မှာ အလျား(၁၀၇)‌ပေ၊ အနံ(၄၀)ပေ အဆောက်အဦ၏ အမိုးပေါ်သို့ ကျလာသောမိုးရေများကို ရေသွယ် လျောက်ဖြင့်ခံယူပြီး တူးဖော်ထားသော မြေအောက်ရေ တွင်း၏ အနက်ပေ(၂၆၀)ရှိ ရေအောင်းလွှာ အတွင်းသို့ တိုက်ရိုက်ဖြည့်သွင်းသည့် နည်းစနစ်(Direct Injection Method)ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီး(၁.၁.၂၀၂၅)ရက်နေ့မှ ယနေ့အထိ မိုးရေဂါလန်ပေါင်း (၃၇၈၀၀၀)ကို ဖြည့်သွင်းပြီးဖြစ်ကြောင်းနှင့် မြေအောက်ရေပြောင်းလဲမှု အခြေအနေအား ရုံးဝန်းအတွင်းရှိ မြေအောက်ရေ စောင့်ကြည့်လေ့လာရေးတွင်း (Groundwater Monitoring Well) မှ တဆင့် လစဉ်တိုင်းတာစစ်ဆေးလျှက် ရှိပါကြောင်း၊ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချူပ်က မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင်း လုပ်ငန်းအား အဆောက်အဦး များများရှိသည့် ဆေးရုံး၊ ကျောင်းဝန်းများအတွင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး သစ်တော ဦးစီးဌာနရုံးသို့ သွားရောက်၍ မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေး၊ သစ်တောသယံဇာ တများရေရှည်တည်တံ့စေရေး၊ ရာသီဥတု မျှတရေး၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် လာစေရေး ရည်ရွယ်၍ နှစ်စဉ် သစ်ပင်စိုက်ပျိုးပွဲများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများ ကျင်းပ နိုင်ရေးအတွက် သစ်တောဦးစီးဌာနတွင် ပျိုးပင်များ ပျိုးထောင်ထားမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးသစ်တော ဦးစီးမှူးက မကွေးတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ပြီး သစ်တော ဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန် လာစေရေး၊ ရာသီဥတု ပြောင်းလဲမှုများကို လျော့ချနိုင်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်များ ပြည်လည် ကောင်းမွန်လာစေရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီမှာ သစ်ပင်စိုက်ပျိုးပွဲများကို ဇွန်လအတွင်း အပြီးစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

          ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံလေကြောင်း လူငယ်သင်တန်းစခန်း(မကွေး)သို့ သွားရောက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အဆိုပါ သင်တန်းကို(၂၇-၄-၂၀၂၆) ရက်မှ (၁၅-၅-၂၀၂၆) ရက်နေ့အထိ ရက်သတ္တ(၃)ပတ်(စနေနေ့အပါအဝင်) မကွေးလေတပ်စခန်းဌာနချုပ် (မကွေး သင်တန်းစခန်း)တွင် စခန်းသွင်းသင်ကြား ပို့ချလျက်ရှိရာ၊ မကွေးလေဆိပ်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နေပြည်တော်သို့ သွားရောက်မည့် အခြေခံလေကြောင်းလူငယ်သင်တန်းသားများအား တွေ့ဆုံ၍ အခြေခံလေကြောင်းလူငယ်သင်တန်းကို တက်ရောက်ခွင့်ရရှိသည့် လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချသင်ယူရသောကြောင့် နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်လူငယ် များဖြစ်၍ အသိပညာ/ အတတ် ပညာရပ်ပိုင်းဆိုင်ရာများကို တစ်စိတ်တစ်ဒေသ အထောက်အကူပြု စေမှာ ဖြစ်ကြောင်း၊ ယခု သွားရောက်မည့် နေပြည်တော်သို့ ရောက်ရှိစဉ် နေပြည်တော်မြို့မှာ ရှိတဲ့ ဗဟုသုတ ရရှိစေမည့် နေရာများကို လေ့လာရေး သွားရောက်ကြရမှာဖြစ်ပြီး၊ လူငယ်များ အနေဖြင့် ကမ္ဘာမှာ အရေးပါလာသည့် ဒီလေကြောင်း သိပ္ပံပညာရပ်များကို ထက်မြက်ထူးချွန်စွာ ကြိုးစား အားထုတ်သင်ယူ လေ့လာသွားကြဖို့ မှာကြားလိုကြောင်း ပြောကြားကာ၊ လေဆိပ်တွင် သင်တန်းသား တစ်ဦးချင်းအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ပို့ဆောင်နှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း