မကွေး မေ ၁၉
မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမှီ သီးနှံများစနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်း များ (Good Agricultural Practices - GAP) ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများတက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို က မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း နီးပါးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ ၈၄ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် မှီတင်းနေထိုင်ကြပြီး ၎င်းတို့၏ လူမှုစီးပွားဘဝနှင့် တစ်ဦးချင်းဝင် ငွေတိုးတက်လာမှသာလျှင် နိုင်ငံတော်၏ ဆင်းရဲမွဲတေမှုနှုန်းသည် သိသာစွာကျဆင်း သွားမည်ဖြစ်ကြောင်း၊ ဒါ့ကြောင့် “နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပုံစံဖြင့် စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးဇုန်များအတွင်း ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး၊ လိုအပ်သော သွင်းအားစုများနှင့် စိုက်ပျိုး စရိတ်ချေးငွေများ ထိရောက်စွာ ပံ့ပိုးပေးရေးအပြင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြစ်သည့် GAP စနစ်၊ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး (IPM) စနစ်နှင့် သဘာဝမြေဩဇာသုံးစွဲခြင်း လုပ်ငန်းစဉ်များကို အားတိုက်သရော အကောင်အထည်ဖော် သွားရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး၏ အမျိုးသားပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး(GDP)တွင် လယ်ယာကဏ္ဍက ၂၈.၇၀ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေးကဏ္ဍက ၂၄.၆၀ ရာခိုင်နှုန်း ပါဝင်လျက်ရှိရာ လုပ်ကွက်ငယ်တောင်သူများ ဝင်ငွေမြင့်မားလာစေရန်နှင့် ပြည်ပပို့ကုန် တိုးမြှင့် နိုင်ရန်အတွက် အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးနှင့် ကျေးလက်စီးပွားရေးကို အခြေခံမှစ၍ မြှင့်တင်ရန် ရက်ပေါင်း ၁၀၀ စီမံကိန်းကို မဟာဗျူဟာမြောက် အကောင်အထည်ဖော်လျက်ရှိပြီး တောင်သူများ ငွေကြေးအခက် အခဲမရှိစေရန် စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးမည့်အပြင် ခေတ်မီစက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းနိုင်ရေးနှင့် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများဖြင့် စိုက်ပျိုးရေလုံ လောက်စွာရရှိရေးကို နိုင်ငံတော်က အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွား အခြေခံခိုင်မာစေရန် ပြည်ပမှ ကုန်ကြမ်း တင်သွင်းခြင်းထက် မိမိတို့ ဒေသထွက် လယ်ယာထွက်ကုန် များကို အခြေခံသည့် တန်ဖိုးမြှင့် MSME လုပ်ငန်းများကို အဓိက ထားအားပေးပြီး နိုင်ငံခြားငွေ စီးထွက်မှုကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း၊ သီးနှံစုံ စိုက်ဧက ၆၄ သိန်း ၈ သောင်းကျော်ရှိသည့် မကွေးတိုင်းဒေသကြီးအနေဖြင့် ဆီထွက် သီးနှံနှင့် ဝါသီးနှံကို အဓိကထား စိုက်ပျိုးပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆီဖူလုံမှု ၄၇၀ ရာခိုင်နှုန်းကျော် အထိ တိုးတက်ရရှိရန် မျှော်မှန်း ထားသကဲ့သို့ ဆန်ဖူလုံမှု ၈၆ ရာခိုင်နှုန်းကျော် ရရှိစေရေးအတွက် ရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့စားသုံးသူများ၏ လူနေမှုပုံစံပြောင်းလဲလာမှု နှင့်အညီ ဓာတုပိုးသတ်ဆေးများအလွန် အကျွံသုံးစွဲခြင်းကို ရှောင်ကြဉ်ကာ ဘေးအန္တရာယ်ကင်း ရှင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မည့် GAP စနစ်ဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ် နိုင်ရေး သင်တန်းများနှင့် ဆွေးနွေးပွဲများကို ဖွင့်လှစ်ပေးရမည် ဖြစ်ကြောင်းနှင့် လယ်ယာကဏ္ဍ သီးနှံများ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တောင်သူ လယ်သမားများအားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်း က GAP စနစ်၏ အကျိုးကျေးဇူးများ၊ လိုက်နာရမည့် စည်းကမ်းချက် (၁၆) ချက်နှင့် GAP အသိအမှတ် ပြုလက်မှတ် လျှောက်ထားရယူနိုင်သည့် နည်းလမ်းများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ တောင်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများ (GAP) အသုံးပြု၍ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆွေးနွေးခဲ့ပြီး GAP စနစ်ဖြင့် စိုက်ပျိုးသည့် တောင်သူများအား အကျိုးတူဆောင်ရွက်သည့် ကုမ္ပဏီမှ သွင်းအားစုများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး က ၂၀၁၂ ခုနှစ် လယ်ယာ မြေဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်းသည့် ကိန်းဂဏန်းအချက်အလက်များကို ပြည်သူများ သိကောင်းစရာအဖြစ် ပညာပေးရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ မြန်မာ့လယ်ရာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ ဦးသိန်းထိုက်က ထုတ်ချေးပေးမည့် ချေးငွေအစီအစဉ်အသစ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ၊ တက်ရောက်လာသည့်တောင်သူများ၏ ဆွေးနွေးတင်ပြချက်များ အပေါ် သက်ဆိုင်ရာ တာဝန် ရှိသူများ ကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။




