မကွေး မေ ၂၀
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် မင်းဘူးခရိုင်အတွင်း၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ မေ ၁၉ ရက် နံနက်ပိုင်းက မင်းဘူးမြို့ရှိ မင်းပူးဦးဩဘာသ မြို့နယ်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့အစည်း များနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ယခုလက်ရှိ နိုင်ငံတော်အစိုးအရ အသစ်အနေဖြင့် ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရက်(၁၀၀)စီမံချက်များ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကား ပြောကြားပြီး၊ မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးအေးလွင်က မင်းဘူးခရိုင်၏ ဒေသဖွံ့ဖြိုး ရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ နှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက် တင်ပြမှုများပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ် (၂/ဝ)မိုင်ရှိ ကန်ရေအမြဲတမ်းပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးသွားမည့် အစီအစဉ်များကို ကြည့်ရှု စစ်ဆေးခြင်း၊ မီးရထားဘူတာရုံဝန်းအတွင်း နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်မည့် မြေဧရိယာ ၁၅ ဧကတွင် ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။





