မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ခရိုင်နှင့် မြို့နယ်ပညာရေးမှူများ၊ မြို့နယ်(၅) မြို့နယ်မှ အခြေခံပညာ(ထက်၊ လယ်၊ မူ) အဆင့် ကျောင်းအုပ်ဆရာ၊ ဆရာများနှင့် ပညာရေးဝန်ထမ်းများအား တွေ့ဆုံ၊ မင်းဘူးမြို့ အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ခရိုင်နှင့် မြို့နယ်ပညာရေးမှူများ၊ မြို့နယ်(၅) မြို့နယ်မှ အခြေခံပညာ(ထက်၊ လယ်၊ မူ) အဆင့် ကျောင်းအုပ်ဆရာ၊ ဆရာများနှင့် ပညာရေးဝန်ထမ်းများအား တွေ့ဆုံ၊ မင်းဘူးမြို့ အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

မကွေး     မေ      ၂၀

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်နှင့် မြို့နယ်ပညာရေး မှူးများ၊ မြို့နယ်(၅) မြို့နယ်မှ အခြေခံပညာ(ထက်၊ လယ်၊ မူ)အဆင့် ကျောင်းအုပ် ဆရာ၊ ဆရာများ နှင့် ပညာရေး ဝန်ထမ်းများအား တွေ့ဆုံကာ၊  မင်းဘူးမြို့ အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးသည်။

          တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက နိုင်ငံတော်မှ ပညာရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ပုဒ်ဖြစ်တဲ့ “ နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံ ကြပါစို့ ”ဆောင်ပုဒ်နဲ့အညီ မိမိတို့ကျောင်း မိသားစုနယ်မြေအတွင်းရှိ ကျောင်းနေအရွယ် ကလေး အားလုံး ကျောင်းသို့ ရာနှုန်းပြည့်ရောက်ရှိအောင် ဆောင်ရွက်ရေး၊ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများ လုံခြုံအေးချမ်း ပျော်ရွှင်စွာ သင်ကြား/သင်ယူမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းစိမ်းလန်းစိုပြည်ရေး၊ ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်ပြည့်ဝ သည့် လူတော်လူကောင်းများ ဖြစ်ထွန်းလာစေရေးစတဲ့ ပညာရေး လုပ်ငန်းများကို တိုင်း/ခရိုင်/ မြို့နယ်ပညာရေးမှူးများနဲ့ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း အုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ပညာရေးနှင့် ပါဝင်ပတ်သက်သူများ အားလုံးနှင့် လူထုလူတန်းစား အသီးသီးက အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူပြီး ပေးအပ်သည့် တာဝန်များကို ဝိုင်းဝန်း ပံ့ပိုးပါဝင် ကူညီဆောင်ရွက်ကာ ကျေပွန်စွာ ထမ်းဆောင်ပေးကြစေလိုကြောင်း ပြောကြားသည်။

          ဆက်လက်၍ တက်ရောက်လာသူ တာဝန်ရှိသူများ၏ ပညာရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ၊ ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ ကျောင်းသုံး ပုံနှိပ်စာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံသို့ သွားရောက်၍ ရှင်းလင်းဆောင်၌ စက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံကာ တာဝန်ရှိသူများ၏ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုအား ရှင်လင်းတင်ပြမှုအပေါ် စက်ရုံ အတွင်း လိုက်လံလှည့်လည်၍  မန်းရေနံမြေဧရိယာရှိ သံကန်တန်း(၂)ရှေ့တွင် ရေနံတွင်း ပြုပြင်ခြင်း လုပ်ငန်းနှင့် ရေနံတူဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေနံစုပေါင်း လက်ခံသည့် စခန်း အတွင်း၌ ရေနံနှင့်သဘာဝဓာတ်ငွေ့များ စနစ်တကျ ထိန်းသိမ်း၊ သိုလ်လှောင်ထားရှိမှုနှင့် နေ့စဉ် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ၊ လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း