မကွေး မေ ၂၃
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာ လှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်း များ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီ အချိန်က မကွေးမြို့ အမှတ်(၁)အထက ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှု ဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အမျိုးသမီးရေးရာ/မိခင်နှင့် ကလေးအသင်း အဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အဆင့်မြင့်နှင့် အခြေခံပညာ ဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ လူမှုကူညီရေးအဖွဲ့အစည်းများ စုပေါင်း၍ အမှတ်(၁)အထက ကျောင်းဝန်းအတွင်းရှိ မြက်၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သစ်ကိုင်း၊ သစ်ပင်များ ခုတ်ထွင်ဖယ်ရှား ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်း အမှိုက်သရိုက်များ ဆယ်ယူ ရှင်းလင်းခြင်း၊ အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ မကွေးမြို့ အမှတ်(၁)အထက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ဆောင် နေမှုအား တိုင်ဒေသကြီဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးကာ၊ တိုင်းဒေ သကြီးဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့် အညီ မြို့အင်္ဂါရပ် နှင့် လျော်ညီစွာ သန့်ရှင်းသာယာ လှပရေးသည် အရေးကြီးကြောင်း၊ ဆရာ/ဆရာများနှင့် ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် သာမက ကျောင်းသား/ သူများ အားလပ် ချိန်များ၌ အားကစားများ ပြုလုပ်ရာတွင် ပျော်ရွှင်စွာ ကစားနိုင်ရေးအတွက်လည်း အရေးကြီးပါကြောင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ အဆောက်အအုံများ ဥပဓိရုပ် ကောင်းမွန်ရေးအတွက်လည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားကာ၊ စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့စည်းများအား စားသောက် ဖွယ်ရာများနှင့် သောက်ရေသန့်များ ဝေငှပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ရန် ပြင်ဆင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့အတူ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့" အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း ၊ ပိုစတာ၊ ကွန်ပျူတာပန်ချီပြိုင်ပွဲများကို ယနေ့နံနက် ၉:၀၀ နာရီအချိန်က မကွေးမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ကွန်ပျူတာတက္ကသိုလ် (မကွေး)၌ ကျင်းပပြု လုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သတ်မှတ်စာစစ်ဌာန ခန်းမများ အလိုက် ကျောင်းသား၊ ကျောင်းသူများက "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့" အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း ၊ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင် စိတ်အေးချမ်းသာစွာ ပါဝင်ယှဉ်ပြိုင် ဖြေဆိုနေသော ကျောင်းသား/ ကျောင်းသူ များအား လှည့်လည်ကြည့်ရှု အားပေးသည်။
အဆိုပါ “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးခရိုင်နှင့် မင်းဘူးခရိုင်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့် ကျောင်းသား/ကျောင်းသူ(၂၉၂)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီးဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဇွန် ၂၆ ရက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။



