မကွေး မေ ၂၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေး သီတင်း ပတ် အထိမ်းအမှတ် မြေစိုက်ပိုစတာ ဖွင့်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့နှင့် မြို့တော်ခန်းမတို့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်ကိုကို နှင့် ဇနီး၊ နယ်မြေခံခံတပ်နယ်မှ အကြီးအကဲများ၊ မကွေးတိုင်းဒေသ ကြီးလွှတ်တော် ဒုဥက္ကဌ၊ တိုင်းဒေကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်နှင့် တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ပညာရေး ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အတွက် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာဆိုင်းဘုတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးခင်မောင်ညို၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ လူမှုရေးရာဝန်ကြီး ဒေါ်နွယ်နီလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်အား အမွေးနံ့သာရည် ပက်ဖျန်းပေးကာ အခမ်းအနား တက်ရောက်လာ ကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အတူ စုပေါင်း အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ “ နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေး အားလုံး ကျောင်းအပ်နှံကြပါစို့ ” ဆောင်ပုဒ်နှင့် အညီ မကွးတိုင်းဒေသကြီး ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် ဇနီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ပညာရေးမှူးများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ၎င်းတို့၏ မိဘများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဆားစည့်)မှ ကျောင်းသား၊ ကျောင်းသူ လေးများက ကျောင်းအပ်ကြမယ် တေးသီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး၊ ဥယျာဉ်မှူးကိုယ်ပိုင်ကျောင်းမှ Grade-6 ကျောင်းသား မောင်လွင်သန့်ထူးအောင်နှင့် တယောအဖွဲ့မှ အလှကမ္ဘာမြေနှင့် မြန်မာ့ ကျောင်း တေးသီချင်းအား တယောဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရန်နှင့် အခြေခံပညာသင်ယူခွင့်ကို ကလေးတိုင်း ရရှိစေရန် နှစ်စဉ် မေလနောက်ဆုံးရက်သတ္တပတ်ကို ကျောင်းအပ်နှံ ရေးသီတင်းပတ်အဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ(၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ် ဆောင်ပုဒ်အဖြစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့လို့ သတ်မှတ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာသင်ယူခွင့် ရရှိရေး၊ ကျောင်းအပ်နှံမှုများလာပြီး ကျောင်းနေနှုန်းမြင့်မားလာကာ ကျောင်း ထွက်နှုန်းလျှော့ချရေး၊ အခမဲ့ပညာရေးစနစ်နှင့် KG+9 မသင်မနေရပညာရေးကို ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၊ မိဘပြည်သူများနှင့် ပညာရေးဝန်ထမ်းများ ပူးပေါင်းလက်တွဲ၍ ထိရောက်စွာ အကောင် အထည် ဖော်ရေးအတွက် ရည်ရွယ်၍ ကျောင်းအပ်နှံရေးအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ(၁)ရက်မှာ ပြန်လည် ဖွင့်လှစ်ပြီး သင်ကြားရေးစတင် ဆောင်ရွက်မှာဖြစ်တဲ့အတွက် မိဘများအနေဖြင့် မိမိတို့၏ ကလေး များကို သတ်မှတ်ကျောင်း နယ်မြေများတွင် ကျောင်းအပ်နှံကြဖို့ အသိပေးလိုကြောင်း၊ ကျောင်းအပ်နှံတဲ့ အခါမှာလည်း ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး၊ စာရေး ကိရိယာကြေး၊ စာကြည့်တိုက်ကြေး အပါအဝင် မည့်သည့် အခကြေးငွေကိုမှ လုံးဝကောက်ခံမည် မဟုတ်တဲ့အပြင် မူလတန်းဆိုရင် ပုံနှိပ်စာအုပ်၊ ဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ တို့ကို အခမဲ့ ထုတ်ပေးမှာ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဦးဆောင်မှု၊ သက်ဆိုင်ရာဌာနများ၏ ပူးပေါင်း ပါဝင်မှုဖြင့် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ မိဘများ၏ နေထိုင်ရာ အရပ်ဒေသ၊ လုပ်ကိုင်ရာ သဘာဝအခြေအနေ အရပ်ရပ်ကြောင့် အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီး သင်ကျောင်းများတွင် ကျောင်းအပ်နှံရန် ခက်ခဲသော ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာသင်ယူခွင့်မဆုံးရှုံးရစေဖို့ ကျောင်းပြင်ပ ပညာသင်ကျောင်း (Nonformal School)နှင့် ရွှေ့လျား ကျောင်း (Mobile School)များတွင် ကျောင်းအပ်နှံရေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခု အခမ်းအနား တက်ရောက်သူအားလုံးက မိမိပတ်ဝန်းကျင် ရှိ မိဘပြည်သူများ၏ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံကြဖို့ အသိပေးစည်းရုံး နှိုးဆော်ပေးကြပါရန်နှင့် ကျောင်းများ အားလုံး ဖွင့်လှစ်နိုင်ရေး ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေး အားလုံး ဝိုင်းဝန်းကြိုးပမ်း ကူညီဆောင်ရွက်ကြဖို့ ထပ်ဆင့်တိုက်တွန်း မှာကြား လိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးနိုင်က ကျောင်းအပ်နှံရေးဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး၊ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ အထက် တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ထောက်ပံ့သော သင်ထောက်ကူပစ္စည်းနှင့် ကျောင်းသုံးပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့် တာဝန်ရှိသူတို့က အသီးသီး ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ၁၃၈၇ ခုနှစ် မကွေးတိုင်းဒေသကြီးအတာသင်္ကြန်ပွဲတော် ယိမ်းပြိုင်ပွဲ ပထမဆုရ အခြေခံပညာဦးစီးဌာနမှ ကျောင်းသူလေးများက အကအလှဖြင့်လည်းကောင်း၊ နေခြည် ကိုယ်ပိုင်ကျောင်းမှ ကျောင်းသူလေးများက ပန်းကလေးများ၏ ဥယျာဉ်မှူး၊ မင်းဘူမြို့ အထက-(၁) ကျောင်းသူ ( ၁ ) ဦးက အ အက္ခရာအောင်ပါစေ၊ အထက(ခွဲ)ဆားစည့်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေ များက ဇာတိမာန် တေးသီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ ဖျော်ဖြေရေး အဖွဲ့များအား တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ၊ ပညာရေးဆိုင်ရာ ခင်းကျင်းပြသ ထားမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။






