မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား သိသင့် သိထိုက်သည့် ဥပဒေများ ရှင်းလင်းပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား သိသင့် သိထိုက်သည့် ဥပဒေများ ရှင်းလင်းပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး    မေ     ၂၆

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ အား ဥပဒေအသိပညာပြန့်ပွားစေရန်နှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍  ဖွင့်လှစ်သည့် "တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများအား သိသင့်သိထိုက်သည့် ဥပဒေများရှင်းလင်းပွဲ" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွတ်တော် ဥက္ကဌ ဒေါက်တာမောင်‌မောင်‌ဌေးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဥပဒေ အရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူများတက် ရောက်ကြ သည်။
          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက
  အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် နိုင်ငံတော်၏ အခြေခံဥပဒေဖြစ်သော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသော တည်ဆဲဥပဒေများပါ ဥပဒေအသိပညာများကို သိရှိပြီး မိမိဌာနရှိ အရာထမ်း၊ အမှုထမ်းများ၊ ခရိုင်နှင့် မြို့နယ်အဆင့် အရာထမ်း၊ အမှုထမ်းများ ကိုလည်း လက်ဆင့်ကမ်း မျှဝေပေးနိုင်ကြမယ်လို့ မျှော်လင့်ပါကြောင်း၊ ဥပဒေဆိုတာ လူ့အဖွဲ့အစည်း တစ်ခု တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ ဥပဒေပြု အာဏာပိုင် အဖွဲ့အစည်းက ပြဋ္ဌာန်းထားသော မဖြစ်မနေ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ဖြစ်ပါကြောင်း၊ ယခုပြုလုပ်တဲ့ ဥပဒေရှင်းလင်းပွဲကို တက်ရောက်ကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ အနေဖြင့် လုပ်ငန်းခွင်မပျက် တက်ရောက်နိုင်စေရန် တစ်နေ့လျင် အချိန် ၃ နာရီနှင့် ၄ ရက်ဆက်တိုက် ရှင်းလင်းသွားမှာဖြစ်တဲ့အတွက် စုစုပေါင်း ၁၂ နာရီကြာ လေ့လာခွင့်ရကြမှာ ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မဖြစ်မနေသိရှိထားသင့်သည့် ဥပဒေ(၁၀)မျိုးကို ရွေးထုတ်ပြီး ရှင်းလင်းသွားကြမှာဖြစ်သော်လည်း တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအနေဖြင့် ဥပဒေပညာဗဟုသုတများကို ဆက်လက်လေ့လာနေဘို့လည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ကြသူများမှာ နိုင်ငံတော်အပိုင်းမှ အစိုးရဌာန ဆိုင်ရာ အဖွဲ့အစည်းများ၊ ၎င်းအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင် နေကြသည့် နိုင်ငံ့ဝန်ထမ်း များအားလုံး ပါဝင်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဆိုသည်မှာ နိုင်ငံကို တာဝန်ယူရသည့်အစိုးရနှင့် အစိုးရက ချမှတ်သည့် မူဝါဒများနှင့် အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရသူများ ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်း တစ်ဦးချင်းစီတိုင်း အရည်အသွေးမြင့်မားစေရန်၊ ကိုယ်ကျင့် တရားကောင်းမွန်ရန် ကျင့်ဝတ်နှင့်စည်းကမ်းများကို လေးစားလိုက်နာကြရန် လိုအပ်ပါ ကြောင်း၊  “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ဆောင်ပုဒ်နှင့် အညီ စည်းကမ်းလိုက်နာ၊ ကျင့်ဝတ်စောင့်ထိန်းပြီး တာဝန်ကျေပွန်သော ဝန်ထမ်းကောင်းများဖြင့်သာ ကောင်းမွန်သည့် အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သော ဥပဒေများကို ကိုယ်တိုင် သိရှိရမည့်ပြင် ပြည်သူများ လည်း ဥပဒေကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးလာစေရန်နှင့် ဥပဒေ ဘောင်အတွင်း နေထိုင်တတ် သည့် အလေ့အကျင့်ခိုင်မြဲလာအောင် ဆောင်ရွက်ပေးခြင်းဟာ မူသဘောသက်သက်ထက် လက်တွေ့ပါ သောလုပ်ငန်းစဉ်တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ ယခုကျင်းပ ပြုလုပ်တဲ့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ သိသင့်သိထိုက်သော ဥပဒေများရှင်းလင်းပွဲဟာ မိမိတို့မကွေးတိုင်းဒေသကြီးက ပထမဦးစွာ ဆောင်ရွက်နိုင်ခဲ့သော အခြေခံလုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ဥပဒေများရှင်းလင်းပွဲသို့ တက်ရောက်ကြရသည့်အတွက် ဥပဒေ အသိပညာဗဟုသုတများ ပိုမိုရရှိပြီး မိမိဌာနတွင် လက်ဆင့်ကမ်း ထပ်ဆင့်ရှင်းလင်းခြင်းဖြင့် ဥပဒေအသိပညာများ ပြန့်ပွားကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လူသားအရင်း အမြစ်ကောင်းများ ဖြစ်လာနိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်များကို ဥပဒေနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် ဥပဒေကို လေးစားလိုက်နာတတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက် လာပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများကို ကောင်းစွာလိုက်နာ ကျင့်သုံးနေထိုင်သည့် လူမှုအဖွဲ့အစည်း ဖြစ်ထွန်းရေးကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဥပဒေချုပ် ဦးအေးလွင်က ဥပဒေများရှင်းလင်းပွဲ ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချမည့် ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်း တင်ပြ ခဲ့သည်။

          အဆိုပါ သိသင့်သိထိုက်သည့် ဥပဒေများရှင်းလင်းပွဲ သင်တန်းသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၉၂ ) ဦး တက်ရောက်ကြပြီး၊ သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အသိပညာများ၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ရုံးလုပ်ငန်း ဆိုင်ရာ သိကောင်းစရာ ဥပဒေဘာသာရပ်များကို ရက်သတ္တပတ် ၄ ရက် ကြာ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ တိုင်းဒေသကြီးဥပဒေအရာရှိ၊ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိများ၊ ခရိုင်ဥပဒေ အရာရှိများနှင့် လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိများက ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံ များအပေါ် အခြေခံပြီး ဆွေးနွေးပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း