မကွေး ဇွန် ၉
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ (မကွေး) အပတ်စဉ် (၂၈) သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း၊ ဒသမအကြိမ် သူနာပြု-သားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ဇွန်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံ တပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာသင်ကြားရေး အဖွဲ့ဝင်များ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ သင်တန်းဆင်းမောင်မယ်များနှင့် ၎င်းတို့၏ မိဘဆွေမျိုး များတက်ရောက် ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)မှာ (၃)နှစ်တာကာလအတွင်း သူနာပြုစုမှုနှင့် သားဖွား ခြင်း အတတ်ပညာရပ်များကို စာတွေ့လက်တွေ့ လေ့လာဆည်းပူးခဲ့ပြီး ရေးဖြေ၊လက်တွေ့/နှုတ်ဖြေ အဆင့်ဆင့်သော စာမေးပွဲများနှင့် ဒီပလိုမာအောင်လက်မှတ်ရ စာမေးပွဲကြီးတွင် ဖြေဆိုအောင်မြင် ခဲ့ကြသည့်အတွက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်များ အပ်နှင်းခြင်းနှင့်အတူ အောင် လက်မှတ်နှင့် လျော်ညီသော အမှတ်လက္ခဏာဝတ်ရုံများ ဝတ်ဆင်ခွင့်ပြုတဲ့ အခမ်းအနားဖြစ်ပါ ကြောင်း၊ သူနာပြုသိပ္ပံ(မကွေး) အနေဖြင့် ၁၉၉၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ သူနာပြုသင်တန်းသား၊ သင်တန်းသူ (၁၈၃၂) ဦး နှင့် ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သားဖွားသင်တန်းသူ (၁၀၃၁) ဦးတို့ကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိပညာသင်နှစ်တွင်လည်း ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၂၄)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် "လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး" နှင့် "လူတိုင်းရောဂါ ဘယကင်းရှင်းရေး" ဟူသည့် ကျန်းမာရေးဆိုင်ရာမူဝါဒ (၂) ရပ်ကို ချမှတ်ထားပြီး အဆိုပါမူဝါဒများကို ရောဂါကာကွယ်ခြင်း၊ ကုသခြင်းနှင့် အသိပညာပေးခြင်းဟူသော နည်းနာ(၃)ရပ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား ကျန်းမာရေး စီမံကိန်းအပါအဝင် ရေရှည်စီမံကိန်းများကို စနစ်တကျရေးဆွဲကာ နယ်စပ်ဒေသမှ ကျေးလက်အစွန် အဖျားအထိ တစ်နိုင်ငံလုံးကို ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်ရန် ကြိုးပမ်းနေကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ပြည်သူအားလုံးကျန်းမာကြံ့ခိုင်ရေး အတွက် သူနာပြု-သားဖွားများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့်အတွက် မျိုးဆက်သစ် သူနာပြု-သားဖွား များအနေဖြင့် အတတ်ပညာ ကျွမ်းကျင်ရုံသာမက ကျင့်ဝတ်သိက္ခာများနှင့် အညီ လိုက်နာရန်နှင့် ပြည်သူလူထုအား ယဉ်ကျေးသိမ်မွေ့စွာ ပြုစုစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ မိမိတို့၏ ပညာရေးကို ဒီပလိုမာအဆင့်မှသည် သူနာပြုသိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့များအထိ ပြည်တွင်း/ပြည်ပတွင် ဆက်လက်တက်လှမ်းနိုင်အောင် ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်းနှင့် သူနာပြု-သားဖွား လုပ်ငန်း သည် ဝါသနာ၊ စေတနာ၊ အကြင်နာ၊ ကရုဏာ၊ အနစ်နာ၊ ကိုယ်ချင်းစာနာ ခြင်း တည်းဟူသော "နာ (၆) နာ" နှင့် ပြည့်စုံတဲ့အတွက် ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားကာ၊ အမျိုး၊ ဘာသာ၊ သာသနာနှင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်သော သူနာပြုကောင်းများအဖြစ် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး သင်တန်းသူများက “ ကမ္ဘာတည်သရွေ ” သီချင်းနှင့် “လောကအားမန်” သီချင်း တို့ဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ခဲ့ပြီး၊ ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ကာ၊ သင်တန်းဆင်း မောင်မယ်များနှင့် မိဘများအား ရင်းရင်းနှီးနှီး လိုက်လံ တွေ့ဆုံ နှုတ်ဆက်အားပေးသည်။
ထို့နောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းခြင်းကို ဆောင်ရွက်ခဲ့ရာ သူနာပြုသိပ္ပံ(မကွေး)ကျောင်းအုပ်ကြီးက သင်တန်းဆင်း ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ချီးမြှင့် ပေးပြီး၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/သင်တန်းသူ(၆၀)ဦးအား သူနာပြု- သားဖွား ဒီပလိုမာ အောင်လက်မှတ်များကို ချီးမြှင့်အပ်နှင်းကာ၊ သင်တန်းဆင်း အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။




