မကွေး ဇွန် ၁၀
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ဇွန်လ ၁၀ ရက် ယနေ့ နံနက်ပိုင်းက မကွေးမြို့နယ် သပြေစမ်းကျေးရွာ အနီး တည်ဆောက်လျက်ရှိသည့် (၁၀၀) မဂ္ဂါဝပ် Gas Engine + Solar (Hybrid) ဓာတ်အားပေး စက်ရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဓါတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းခွင်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ ရောက်ရှိစဉ် (၁၀၀) မဂ္ဂါဝပ် Gas Engine + Solar (Hybrid) ဓာတ်အားပေး စက်ရုံစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ စီမံကိန်း ရှင်းလင်း ဆောင်တွင် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာမှူးနှင့် Magway Hybrid Power Co.,Ltd. တာဝန်ရှိသူများမှ နိုင်ငံအတွင်း လျှပ်စစ်ဓါတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် 100 MW(Gas Engine + Solar Hybrid) ဓါတ်အားပေးစက်ရုံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက် များကို ဖြည့်ဆည်း ပေးနိုင်ရန် အတွက်Gas Engine Power Plant မှ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ တွင်လျှပ်စစ်ဓာတ်အား(၁၀၀)မဂ္ဂါဝပ် နှင့် Solar Power Plant မှ ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလတွင် လျှပ်စစ်ဓာတ်အား (၁၀၀)မဂ္ဂါဝပ်ထုတ်လုပ်၍ နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အား စနစ်သို့ ဓာတ်အား ပို့လွှတ်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လက်ရှိ ဆောင်ရွက်လျက်ရှိသော Gas Engine (၉)လုံး တပ်ဆင်ပြီး စီးပြီးဖြစ်၍ တပ်ဆင်ပြီး Gas Engine (၉)လုံး မှ (၅)လုံးအား ၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စတင် ဓာတ်အားထုတ်လုပ်နိုင်ရန် ပြင်ဆင် ဆောင်ရွက်မှု အခြေအနေ၊ ကျန်ရှိသော Gas Engine (၄)လုံးအား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင် ဓာတ်အား ထုတ်လုပ်နိုင်ရန် ပြင်ဆင် ဆောင်ရွက် လျှက်ရှိမှု၊ ထပ်မံဖြည့်တင်းရန်လိုအပ်သော Gas Engine(၄)လုံး အားဝယ်ယူရရှိရေး ညှိနှိုင်းဆောင်ရွက် လျှက်ရှိမှု အခြေအနေများနှင့် လုပ်ငန်းဆောင်စဉ်အတွင်း တွေ့ကြုံနေရသော အခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံအတွင်း လျှပ်စစ်ဓါတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လုပ်ငန်းအန္တရာယ် ကင်းရှင်းစွာဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အမြန်ဆုံး ပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက် ကြရန် လမ်းညွှန် မှာကြားကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး၊ စီမံကိန်း လုပ်ငန်းခွင်အတွင်း လှည်လည်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဓါတ်အားပေး စီမံကိန်းကို အမေရိကန်ဒေါ်လာသန်းပေါင်း(၂၁၈.၈၉၀)သန်းဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း လျှပ်စစ် ဓာတ်အား(၄၀)မဂ္ဂါဝပ် ထုတ်လုပ်၍ လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း လျှပ်စစ် ဓာတ်အား(၄၀)မဂ္ဂါဝပ် ထပ်တိုးထုတ်လုပ်၍ စုစုပေါင်းလျှပ်စစ် ဓာတ်အား(၈၀)မဂ္ဂါဝပ် ထုတ်လုပ်၍ လည်းကောင်း၊ နိုင်ငံတော် ဓာတ်အားစနစ်သို့ ဓာတ်အား ပို့လွှတ်သွားမည်ဖြစ်ကြောင်း၊ အပြီးသတ် ဓာတ်အားထုတ်လုပ်နိုင်မည့် ရက်အား ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့အဖြစ် သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဓါတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးပါက အသုံးပြုမည့် ဓါတ်ငွေ့များကို မကျီးကန်ဓါတ်ငွေ့ထိန်းဖြန့်စခန်း(မကွေး)သို့ ၁၃၂ ကေဗွီလိုင်းဖြင့် ပို့လွှတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လည်ပတ်မှု သက်တမ်းအနေဖြင့် ၁၅ နှစ်ဖြစ်ကြောင်း သိရှိရသည်။




