မကွေး ဇွန် ၁၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်အပ်သော နိုင်ငံတော်သြဝါဒါ စရိယဆရာတော်ကြီးအမှူးပြုသော မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၉)ကျောင်းမှ ဆရာတော်ကြီးများအား ဖူးမြော်၍ ဩဝါဒခံယူခြင်းနှင့် သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲ(ဗဟို)အဆင့်နှင့် တိုင်းဒေသကြီး အဆင့်တို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်မြေရတနာပရိယတ္တိစာသင်တိုက် မဟာအတုလရံသီ ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေ သကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူ များနှင့် သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲ ဗဟိုနှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့ ကြသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ မကွေးမြို့၊ သံဃာရာမကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တာသာရ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ သံဃာတော်အရှင် သူမြတ်တို့ ရွတ်ပွားသံဇ္ဈာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညို ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက သာသနာရေးဆိုင်ရာများလျှောက် ထားကာ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မကွေးမြို့၊ သံဃာရာမကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တာသာရ ဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မြို့သစ်မြို့နယ်၊ လဲလူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကလျာဏ၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုမနတို့ထံမှ ဩဝါဒကထာ နာယူကြည်ညိုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူတို့က ပရိက္ခရာခြင်းနှင့် နဝကမ္မဝတ္ထုငွေတို့ကို အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပွဲ ဗဟို အဆင့်တွင် (ဗုဒ္ဓဝံသဝိသာရဒဘွဲ့) တစ်နိုင်ငံလုံး ဒုတိယဆုရရှိသူ မဟေသာမျိုးထက်အား ဂုဏ်ပြုဆု ငွေကျပ်သိန်း (၅၀)နှင့် မူလတန်းအဆင့်(ဗဟို) တစ်နိုင်ငံလုံး ဆဋ္ဌမဆုရ မဂျူးဂျူးစံအား ဂုဏ်ပြုဆုငွေ ကျပ်(၂၅)သိန်းနှင့် တိုင်းဒေသကြီးအဆင့်တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆုများ အသီးသီး ချီးမြှင့်ပေးသည်။
ယင်းနောက် မကွေးမြို့၊ မဟာဓမ္မိကာရာမတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တရ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကာ၊ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။





