မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) (၅၀၀)လက်အား ဂွတ်(ဒ်)ဘရားသား(စ်)မှ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လှူဒါန်းပေးအပ်ခြင်း အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) (၅၀၀)လက်အား ဂွတ်(ဒ်)ဘရားသား(စ်)မှ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လှူဒါန်းပေးအပ်ခြင်း အခမ်းအနား တက်ရောက်

မကွေး ဇွန် ၁၅

          မကွေးတိုင်းဒေသကြီးအတွင်း စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် စိုက်စနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးတို့အတွက် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) (၅၀၀) လက်အား ဂွတ်(ဒ်)ဘရားသား(စ်)မှ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂွတ်(ဒ်)ဘရားသား(စ်)ကုမ္ပဏီလိမိတက် မှ တာဝန်ရှိသူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အတွက် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ထားပြီး ပန်းတိုင်အထွက်နှုန်းရ ဧရိယာများ တိုးတက်လာရေးကိုလည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆန်စပါး ထုတ်လုပ်မှုအနေနဲ့ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ မိုးစပါး၊ နွေစပါး စိုက်ဧက (၆)သိန်းကျော်ကနေ စပါးတင်းပေါင်း (၅၂၅) သိန်း(၈)သောင်းကျော်ထွက်ရှိပြီး စားသုံးမှု၊ မျိုး၊ အလေအလွင့်နဲ့ အခြားအသုံး ပြုမှုအတွက်လိုအပ်တဲ့ စပါးတင်းပေါင်း(၆၄၁)သိန်း (၃)သောင်းကျော် ဖြစ်တဲ့အတွက် တိုင်းဒေသကြီးရဲ့ ဆန်ဖူလုံမှုဟာ (၈၁.၉၉) ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ မိုးစပါး၊ နွေစပါး စုစုပေါင်း စိုက်ဧက (၆)သိန်းကျော် ကနေ စပါးတင်းပေါင်း (၅၄၁)သိန်း လောက်ထွက်ရှိဖို့ မျှော်မှန်းထားတဲ့အတွက် (၈၁)ရာခိုင်နှုန်းကျော် ဖူလုံမှုရလာမယ်လို့ ခန့်မှန်းထားကြောင်း၊ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးကို အလေးပေး ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မှာ မိုးစပါး စိုက်ဧက (၆)သိန်းကျော်၊ နွေစပါးစိုက်ဧက(၄)သောင်း စိုက်ပျိုး ပြီး ဆန်ဖူလုံမှု(၈၂.၆၁)ရာခိုင်နှုန်းထိ ရရှိလာဖို့ လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန်ဖူလုံမှု တိုးတက်ရေးအတွက် စိုက်ဧရိယာတိုးချဲ့ရေးနဲ့ တစ်ဧကအထွက်နှုန်း တိုးတက်ရေးကိုပါ ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ စပါးသီးနှံအထွက်နှုန်းကို ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တစ်ဧကအပင်ဦးရေ ပြည့်မီဖို့ အရေးကြီးပြီး တစ်ဧက အပင်ဦးရေ ပြည့်မီဖို့ အတွက်ဆိုရင် စိုက်စနစ်မှန်ကန်ဖို့အတွက် စပါးကြဲခြင်းတွေ မပြုလုပ်ကြဘဲ လက်ဆွဲ ကောက်စိုက်စက်၊ လက်ဆွဲမျိုးစေ့ချကိရိယာများကို သုံးနိုင် အောင် ပံ့ပိုးဖြန့်ဖြူးပေးလျက် ရှိပြီး စပါးသီးနှံစိုက်တာအားလုံး စိုက်စနစ်မှန်မှန်ကန်ကန်နဲ့ ရာနှုန်းပြည့် စိုက်နိုင်ဖို့အတွက် ထပ်မံ လိုအပ်တဲ့ လက်ဆွဲမျိုးစေ့ချ ကိရိယာများကို ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက် လျက်ရှိတာဖြစ်ပါ ကြောင်း၊ အခုလို တိုင်းဒေသကြီးအတွင်း စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးအတွက် စိုက်စနစ်မှန်ကန်အောင် စိုက်ပျိုးနိုင်ဖို့ တောင်သူများလိုအပ်နေတဲ့ လက်ဆွဲ မျိုးစေ့ချ ကိရိယာ(Drum Seeder) (၅၀၀)လက်ကို လှူဒါန်းပေးအပ်တဲ့ ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလိမိတက် ကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးရဲ့ စားရေရိက္ခာဖူလုံရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းဖြင့် စိုက်ပျိုးသူတောင်သူများအနေနဲ့ ဝင်ငွေတိုးတက်ရရှိကာ စီးပွားရေးအကျိုး အမြတ်များ ရရှိစေမှာဖြစ်ပြီး တိုင်းဒေသကြီး လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် ပြီး ကျေးလက်နေ တောင်သူများရဲ့ လူမှုစီးပွားဘဝများ တိုးတက်လာစေမှာဖြစ်လို့ တောင်သူတစ်ဦး ချင်းစီတိုင်း နည်းစနစ်တွေကို လိုက်ပါဆောင်ရွက်စေလိုပြီး ဌာနများအနေဖြင့်လည်း လိုအပ်သည့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကိုလည်း ပံ့ပိုး ကူညီဆောင်ရွက်ပေးခြင်း၊ ပုဂ္ဂလိကမှလည်း ယခုလို ပူးပေါင်းပါဝင်ခြင်းနဲ့ အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့် အကူအညီ များကို ပေါင်းစပ်ညှိနှိုင်း ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက တိုင်းဒေသကြီးအတွင်း လယ်ယာ့ဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနည်းအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

          ထို့နောက် ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလိမိတက်(Good Brothers Co., Ltd.)မှ တာဝန်ရှိသူမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လက်ဆွဲမျိုးစေ့ချကိရိယာ အလက်(၅၀၀)အား လှူဒါန်းပေးအပ်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂွတ်(ဒ်)ဘရားသား(စ်)ကုမ္ပဏီလိမိတက် တာဝန်ရှိသူထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

နောက်ဆုံးရ သတင်း