မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆ ခုနှစ် မိုးရာသီ အခြေခံ အားကစားသင်တန်း ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆ ခုနှစ် မိုးရာသီ အခြေခံ အားကစားသင်တန်း ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး     ဇူလိုင်   


          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာမှ ဖွင့်လှစ်သည့် မိုးရာသီ အခြေခံ အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂ ရက်နေ့  ညနေ ၄ နာရီက တိုင်းဒေသကြီးအားကစားကွင်း ဖူဆယ်အားကစားခန်းမ၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူ လူငယ်မောင်/မယ်များ တက်ရောက်ကြသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနဲ့ နိုင်ငံတကာတွင် အောင်မြင်မှု ရရှိစေရန်အတွက် ဇွဲ၊ လုံလ၊ ဝီရိယ၊ အားမာန် အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေးဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတာ ဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များ အနေဖြင့် အခြေခံအားကစားနည်း တစ်ရပ်ရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည် အချင်းမြင့်မားသော အားကစားသမားကောင်းများ၊ နိုင်ငံ့သားကောင်း/ သမီးကောင်းများ ဖြစ်လာစေရေး၊ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာမှာပါ တိုးတက် ဖွံ့ဖြိုးမှု ကောင်းကျိုးများ ရရှိလာနိုင်စေရေး၊ အချိန်ကို အကျိုးရှိစွာ အသုံးချ နိုင်စေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေး စသည့် မြင့်မားတဲ့ရည်ရွယ်ချက်များနဲ့ ယခု သင်တန်းကို ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း၊ မကွေးတိုင်း ဒေသကြီးတွင် ခရိုင်ပြိုင်ပွဲများ၊ မြို့နယ် ပေါင်းစုံ အားကစားပြိုင်ပွဲများကို အားကစားပြက္ခဒိန်များ ရေးဆွဲပြီး ကျင်းပပြုလုပ်နေသည့်အတွက် အားကစားကို ချစ်မြတ်နိုးသော လူငယ်မောင်မယ်များ အနေဖြင့် ယခုလိုသင်တန်းများမှ သင်ယူ တတ်မြောက်ထားသော အားကစား စွမ်းရည်များကို ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် ပြသခွင့် ရရှိမှာဖြစ်ပါကြောင်း၊ အားကစားနှင့် ပညာရေးကို ပေါင်းစပ်ပြီး သင်ကြားလိုသည့် ကျောင်းသား/ ကျောင်းသူ များအတွက် Grade - 8 မှ Grade - 12 ထိ ကျောင်းအိပ်ကျောင်းစားဖြင့် စာသင်မပျက် အားကစားပါ လေ့ကျင့်သင်ကြားပေးသော အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) (မန္တလေး) (တောင်ကြီး) (မော်လမြိုင်) (မုံရွာ) (လွိုင်ကော်) နဲ့ (စစ်တွေ) ကျောင်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည့်အတွက် ဆက်လက်သင်ကြားလိုပါက တက်ရောက် သင်ကြားနိုင်မှာဖြစ်ပြီး အရည်အချင်း ထက်မြက်သော မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွက်လာမှာ ဖြစ်ပါကြောင်း၊ ယခုလို မိုးရာသီ အားကစားသင်တန်းများ ဖွင့်လှစ် သင်ကြားပေးသည့်အတွက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာမှာ ဖြစ်သလို နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် လက်ရွေးစင် အားကစား သမားများလည်း ပေါ်ထွက်လာမှာ ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းများတွင် အားကစား နည်းအလိုက် အောင်မြင်မှုများ ရရှိခဲ့သည့် အားကစားသမားများ/ နည်းပြများမှ အခြေခံကျသည့် နည်းစနစ်များ အလိုက် ကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်သည့်အတွက် သင်တန်းသား/ သင်တန်းသူ များအနေဖြင့် နည်းပြဆရာများ၏ သင်ကြားပေးမှုအပေါ် ယုံကြည်မှုရှိစွာနဲ့ အကောင်းဆုံး ကြိုးစားသင်ယူကြစေလိုကြောင်းနှင့် သင်တန်းက ရရှိလာမည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်အားကစား ပညာရပ်များကို ဆက်လက်လေ့လာ လိုက်စားကြပြီး ထူးချွန် ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်ကြပါစေကြောင်း ပြောကြားကာ၊ ၂၀၂၆ ခုနှစ် မိုးရာသီ အခြေခံ အားကစားသင်တန်းကို ဖွင့်လှစ်ပေးသည်။

          ထို့နောက် သင်တန်းသားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်း ဆောင်ရွက်ခဲ့ပြီး၊ မိုးရာသီ အခြေခံအားကစားသင်တန်းတွင် သင်ကြားမည့် အားကစားနည်းများမှ သက်ဆိုင်ရာ အားကစားနည်း အလိုက် သရုပ်ပြသကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆု ချီးမြှင့်ငွေ များနှင့် သင်တန်းသားများအား သင်ထောက်ကူ အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ မိုးရာသီ အခြေခံ အားကစားသင်တန်းတွင် ဘောလုံး၊ ဖူဆယ်၊ ဝူရှူး၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ရိုးရာခြင်းလုံး၊ လက်ဝှေ့နှင့် Physical Fitness Dance & အေရိုးဗစ် စသည့် အားကစားနည်း(၉)မျိုးကို သင်တန်းနည်းပြများက စနစ်တကျ လေ့ကျင့်သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရ သတင်း