မကွေး ဇူလိုင် ၃
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ် အခမ်းအနားကို ဇူလိုင်လ ၃ ရက် ယနေ့ နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တရားသူကြီးချုပ် ဒေါ်မိမိမော်နှင့် တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်အိအိထွန်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသမီးအရေးကို ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များက အင်အားသစ်များနှင့် အတူ ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့ဟာ မြန်မာနိုင်ငံ ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ မြန်မာအမျိုးသမီးများ အားလုံးအတွက် ထူးခြားလေးနက်တဲ့ နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ဒီလိုနေ့ထူးနေ့မြတ်ဖြစ်တဲ့ မြန်မာအမျိုးသမီးများ နေ့မှာ မကွေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ အမျိုးသမီးများ အပါအဝင် မြန်မာအမျိုးသမီးများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း၊ မြန်မာအမျိုးသမီးများနေ့ ပေါ်ပေါက် လာတာ ကတော့ ၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံကနေ စတင်ခဲ့တာ ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်ကျော်အား ကိုယ်စားပြုသည့် အမျိုးသမီးများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အင်အားစု တစ်ရပ်အဖြစ် ပါဝင်ပြီး နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အမျိုးသမီး များ၏ ဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ကျား/မရေးရာ တန်းတူ ညီမျှရေးနှင့် အမျိုးသမီးများရဲ့ အခွင့်အရေး များကို အသိအမှတ်ပြု နားလည် လက်ခံစေနိုင်မည့် လုပ်ငန်းစနစ်များနှင့် ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာ စီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ နယ်ပယ်အလိုက် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့် သွားမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အကြား လုပ်ငန်းများ ဟန်ချက်ညီညီ ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် ပိုမိုပူးပေါင်း ပါဝင် ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ် ဗီဒီယိုကလစ်အား ပြသခဲ့ပြီး၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် နည်းပညာတက္ကသိုလ် (မကွေး)ကျောင်းသူလေးများက မကွေးတိုင်းဒေသကြီးဒေသထွက် ချည်ထည်များဖြင့် ဝတ်စား ဆင်ယင်မှု သရုပ်ပြသကာ၊ မကွေးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသူလေး များက Fitness Dance အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ၂၀၂၅_၂၀၂၆ ပညာသင်နှစ် သိပ္ပံ၊ ဝိဇ္ဇာ ၊ ဝိပ္ပံတွဲများတွင် အမှတ်အများဆုံးရရှိသော ကျောင်းသူ(၃)ဦးအား လည်းကောင်း၊ အားကစား ဂီတထူးချွန် အမျိုးသမီးများ၊ စေတနာ့ဝန်ထမ်း အမျိုးသမီးများအား တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဌ နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးသည်။
ထို့နောက် မကွေးနည်းပညာတက္ကသိုလ် မှ "အလှကမ္ဘာမြေ" သီချင်း၊ တယောအဖွဲ့မှ သမီးငယ် လေးများက "ဝါဆိုတေးသီချင်း"၊ နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် မဆုမြတ်နိုးက "နှလုံးသားကို အလှဆင်ပါ" တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ မကွေးမြို့၊ အမှတ် (၁၁) အခြေခံပညာ မူလတန်းကျောင်းမှ သမီးငယ် မစန်းစန်းမော်က " ခြင်းလုံးစွမ်းရည် သရုပ်ပြဖျော်ဖြေကာ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ "အရှိုချင်းအက" ၊ "ကျေးလက်ယိမ်း" အကနှင့် မကွေးတိုင်း ဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့ဝင်များက "လှသောအညာမြေ" တေးသီချင်းများဖြင့် ဖျော်ဖြေတင် ဆက်ခဲ့ကြသည်။





