မကွေး ဇူလိုင် ၄
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ၊ ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ဘုရားပြိူကျေးရွာအုပ်စု ဘုရားပြိုကျေးရွာ ကွင်းအမှတ်(၁၆၇၂-ဂ) တောင်သူ ဦးကြည် သန်း၏ မိုးနှမ်း အထူးအထွက်တိုး စံပြကွက်နှင့် တောင်သူ ဒေါ်ခင်ဝင်း၏ မိုးမြေပဲအထွက်တိုး စံပြကွက်တို့အား ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံ နှမ်း/မြေပဲစိုက် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသငြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးမြို့နယ် ဘုရားပြိူကျေးရွာရှိ မိုးနှမ်းနှင့် မိုးမြေပဲ အထူးအထွက်တိုး စံပြကွက်သို့ ရောက်ရှိစဉ် စိုက်ကွင်းအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူတို့က မိုးနှမ်း/ မိုးမြေပဲ အထူးအထွက်တိုး စံပြကွက် မိုးနှမ်း/ မိုးမြေပဲသီးနှံကို စတင်စိုက်ပျိုးခြင်းမှ လက်ရှိအချိန်အထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆီထွက်သီးနှံအထူးဇုန်များရှိ သီးနှံများ စတင်စိုက်ပျိုး ရာမှာ တောင်သူပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ လိုက်နာကျင့်သုံးပါက သီးနှံ အောင်မြင်ဖြစ်ထွန်းနိုင်ကြောင်း ကို တောင်သူများ သိရှိစေဖို့အတွက် နှမ်းသီးနှံ အထူးအထွက်တိုး စံပြကွက်ကို ပြသဆောင်ရွက် ခြင်းဖြစ်ကြောင်း ပြောကြားကာ၊ စိုက်ကွင်းသို့ တက်ရောက်လာသည့် ဒေသခံ နှမ်း/မြေပဲစိုက်တောင်သူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူတွေ သီးနှံစိုက်ပျိုးမှုအတွက် မူလ ရှိပြီးသော မျိုးတွေထက် သာလွန်ကောင်းမွန်တဲ့ မျိုးများရရှိဖို့ အထွက်ကောင်းတဲ့ မျိုး၊ ဒေသ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီတဲ့ မျိုး၊ သက်လျင်ပြီး ရာသီဥတုဒဏ် ခံနိုင်ရည်ရှိတဲ့ မျိုး၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိတဲ့ မျိုးတွေကို ရရှိဖို့ နှစ်စဉ် သုတေသန လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပြီး၊ ဒီလို ရရှိလာတဲ့ မျိုးတွေကိုလည်း တောင်သူတွေ ကျယ်ကျယ် ပြန့်ပြန့် သိရှိလာပြီး လက်ခံစိုက်ပျိုးဖို့ အတွက် လက်တွေ့ ကွင်းထဲမှာ စိုက်ပျိုးပြသကာ၊ မျိုးတွေရဲ့ အရည်အချင်းလက္ခဏာတွေကို တောင်သူများ မျက်မြင် ကိုယ်တွေ့ သိရှိနိုင်ပြီး၊ လက်ခံစိုက်ပျိုးနိုင်ဖို့ အတွက် ဒီနေ့လို ကွင်းသရုပ် ပြပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ တောင်သူတွေ အနေနဲ့ သေသေချာချာ ကြည့်ရှု့ပြီး မျိုးအသစ်တွေ၊ မျိုးသန့်တွေကို လက်ခံစိုက်ပျိုးဖို့လည်း တိုက်တွန်းလိုကြောင်း၊ ဒါမှသာ နိုင်ငံတော်မှ ချမှတ်ထားတဲ့ မူဝါဒတွေ၊ ဦးတည် ချက်တွေနဲ့အညီ ဆီထွက်သီးနှံတွေကို ပန်းတိုင် အထွက်နှုန်း ရရှိအောင် ဆောင်ရွက်ပြီးတော့ တောင်သူ တွေရဲ့ဝင်ငွေတွေ တိုးတက်လာကာ တိုင်းပြည် စားသုံးဆီ ဖူလုံရေး အတွက်လည်း အထောက်အကူ ဖြစ်မှာ ဖြစ်ကြောင်းနှင့် မကွေးတိုင်းဒေသကြီးဟာ ဆီအိုးကြီးဆိုတဲ့ တင်စားခံရမှုနဲ့အညီတောင်သူများအနေဖြင့်ကြိုးစားစိုက်ပျိုးထုတ်လုပ်ကြစေလိုကြောင်း မှာကြားသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် ရှားပင် လှကျေးရွာအနီး ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိစဉ် ယာယီရှင်းလင်းဆောင်၌ ဥစားကြက်မွေးမြူရေးဇုန် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် တည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိ သူများမှ မကွေးမြို့နယ်အတွင်း အသားကဏ္ဍဖူလုံစေဖို့ ဘေးအန္တရာယ်ဖြစ်စေသည့် အသားငါးများ လျော့နည်းစေဖို့အတွက် ရှားပင်လှကျေးရွာအနီး မြေဧက(၄၈.၀၆)ဧကပေါ်တွင် ဥစားကြက် မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မွေးမြူရေးလုပ်ငန်းရှင် (၁၂) ဦးမှ တစ်ဦးလျှင် ဥစားကြက် အကောင်ရေ(၃၀၀၀)ဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် လက်ရှိ(၇၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း၊ ဧက(၁၅၀)စနစ်ကျလယ်ယာမြေ ဖော်ထုပ်ခြင်း ဆိုင်ရာများအား စက်မှုလယ်ယာဦးစီးဌာန တာဝန်ရှိသူများမှ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ရေးအဖွဲ့မှ တိုင်းတာခြင်း၊ ကွင်းဒီဇိုင်းမြေပုံထုတ်ခြင်း၊ တောင်သူများနှင့် ကွင်းအတည်ပြု ချက်များ ရယူခြင်းဆိုင်ရာများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။





