မကွေး ဇူလိုင် ၉
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာ မောင်မောင်ဌေးတို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ၊ ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ပိုင်းက မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာအုပ်စု ကွင်းအမှတ်(၁၅၂၇-က) တောင်သူ ဦးခင်ရွှေ၏ မိုးနှမ်း အထွက် တိုးစံပြကွက် သိပ္ပံနှမ်းနက်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးကာ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်သူ ဦးခင်ရွှေ၏ မိုးနှမ်း အထွက်တိုး စံပြကွက်သို့ ရောက်ရှိစဉ် သိပ္ပံနှမ်းနက်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူတို့က မိုးနှမ်းအထွက်တိုး စံပြကွက် မိုးနှမ်းသီးနှံကို စတင်စိုက်ပျိုးခြင်းမှ လက်ရှိအချိန်အထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးရဲ့ လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် သီးနှံစိုက်စွမ်းအား တိုးတက်ရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ ထုတ်လုပ်မှု တိုးတက်မြင့်မားရေး လယ်ယာကဏ္ဍကို တာဝန်ယူ ဆောင်ရွက် နေတဲ့ ဌာနများအနေနဲ့ လိုအပ်ချက်များကို ပူးပေါင်းကူညီ ဖြည့်ဆည်းပေးကာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသခံ နှမ်း/မြေပဲစိုက် တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီးသည် လယ်ယာ စိုက်ပျိုးရေး အခြေခံသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သည်နှင့် အညီ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရန်နှင့် သီးနှံစိုက် စွမ်းအား တိုးတက်မားရေး ဆောင်ရွက်မည်ဆိုပါက ဒေသခံတောင်သူများ အနေဖြင့် မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ စိုက်ပျိုးမြေအားလုံး တစ်နှစ် သုံးသီးစိုက် ရရှိအောင်ဆောင်ရွက်ရန် အထူးလိုအပ်မည်ဖြစ်ကြောင်း၊ တောင်သူအများစုက ဒေသစွဲသီးနှံများ ထက် စီးပွားရေးအရ တွက်ခြေ ကိုက်သည့် သက်ယဉ် အထွက်ကောင်း သီးနှံများကို ရွေးချယ်၍ မျိုးကောင်း မျိုးသန့်များ စနစ်တကျ အသုံးပြုပြီး စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးနိုင်မှ သာ သီးနှံပေါ်ချိန် သီးနှံအထွက်နှုန်း တိုးတက် ကောင်းမွန်ပြီး ထွက်ရှိသော သီးနှံများမှာ ပြန်လည် ရောင်းချချိန် ဈေးကောင်းရရှိနိုင်မည် ဖြစ်ကြောင်း စသည်ဖြင့် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့သစ်မြို့နယ် မြေပြင် သာကျေးရွာရှိ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး၊ ဆရာ/ ဆရာ မများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ဆရာ/ဆရာမများ အတွက် ဆန်၊ ဆီ၊ ကုလားပဲနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာ များဖြစ်သည့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများ ထောက်ပံ့ပေးအပ်ကာ၊ ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတွင် မွေးမြူရေးအတတ်ပညာဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် (Top 6 နှင့် Top 7) ရရှိသည့် ကျောင်းသား (၂)ဦးအား တစ်ဦးလျှင်(၃)သိန်းကျပ်ဖြင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် နေပြည်တော် ကားလမ်းဘေးရှိ နတ်မောက် လက်ယာမြောင်းမကြီး ပေတိုင်(၅၇၀၀၀)တွင် မိုးစပါး ရေပေးဝေနေမှု၊ တူးမြောင်းနှင့် တူးမြောင်း အဆောက်အအုံများ ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရာသီချိန်အမှီ သီးနှံစိုက်ခင်းများအား စိုက်ပျိုးရေဖြန့်ဝေပေးနိုင်ရေးနှင့် အခြားလိုအပ်သည်များ ကို လမ်းညွှန်မှာကြားသည်။
အဆိုပါ နတ်မောက်ဆည်ရေသောက်စနစ်သည် နတ်မောက်ရေလှောင်တမံတွင် ရေသိုလှောင် ထားရှိပြီး ၎င်းရေလှောင်တမံမှ တဆင့် နတ်မောက်ရေလွှဲဆည်သို့ ရေပို့လွှတ်ကာ၊ နတ်မောက်လက်ဝဲ တူးမြောင်းမကြီးနှင့် နတ်မောက်လက်ယာတူးမြောင်းမကြီးမှ ရေပေးဝေလျှက်ရှိကြောင်းနှင့် နှစ်စဉ် မိုးစပါး (၁၃၆၁၂)ဧက၊ နွေစပါး (၄၁၃၃)ဧက နှင့် နွေနှမ်း (၂၄၅၁)ဧက၊ စုစုပေါင်း (၂၀၁၉၆)ဧက ကို စိုက်ပျိုးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။









