မကွေး ဇူလှိုင် ၁၄
မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတ ထိန်းသိမ်းခြင်းကို စဉ်ဆက် မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးသားပေါက်များကို မြစ်၊ ချောင်း၊ ကန်များ အတွင်းသို့ လွှတ်ပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်တွင် ငါးသယံဇာတများ ရေရှည်တိုးပွား လာစေရန်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန် ငါးမျိုးများကို တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များရှိ ဧရာဝတီမြစ်၊ ချောင်းနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့် ဆောင်ရွက်လျက်ရှိရာ ဇူလှိုင်လ ၁၄ ရက် ယနေ့နံနက်ပိုင်းက မကွေးမြို့ ကမ်းနားလမ်း နန်းထိုက်သူဟိုတယ်အနီး ဧရာဝတီမြစ်ကမ်း စပ်၌ ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်၍ ဧရာဝတီမြစ်အတွင်း ကြီးထွားမှုနှုန်း မြန်ဆန်သည့် ငါးသားပေါက်များဖြစ်သော ငါးခုံးမကြီးကောင်ရေ နှစ်သိန်း၊ ငါးမြစ်ချင်းကောင်ရေ နှစ်သိန်း၊ စုစုပေါင်း ငါးမျိုးကောင်ရေ လေးသိန်းကို စိုက်ထည့်ခဲ့ကြ သည်။
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ဖမ်းဆီးစားသုံး ခြင်းမှ ကုန်ဆုံးသွားသော ငါးများအား ပြန်လည်အစားထိုးရန် ရည်ရွယ်၍ စိုက်ထည့်ခြင်းဖြစ်ပြီး၊ ငါးမျိုး ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် တောင်တွင်းကြီးမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် မြို့သစ် မြို့နယ်တို့တွင် ငါးသားပေါက် စခန်းများဖွင့်လှစ် ဆောင်ရွက်ပေးခြင်း၊ ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် ဆည်၊ ကန်များနှင့် မြစ်၊ ချောင်းများအတွင်း နှစ်စဉ်ငါးမျိုးများ စိုက်ထည့်ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပြီး ယခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ငါးမျိုးစိုက်ကောင်ရေ(၁၁)သိန်းကျော် စိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးဖူဆယ် အားကစားခန်းမ၌ ကျင်းပသည့် မကွေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ မြို့နယ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား(၃) ယောက်တွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးမြို့နယ်အသင်းနှင့် မြို့သစ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစား နေမှုကို ကြည့်ရှုအားပေးကာ၊ အမျိုးသား (၃)ယောက်တွဲ ဗိုလ်လုပွဲတွင် မကွေးမြို့နယ်အသင်းက အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ အမျိုးသား အကောင်းဆုံး နောက်ထိန်း၊ ပင့်ထောင်နှင့် ရိုက်ခုတ်ဆုရရှိသူများအား ဆုကလပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ အမျိုးသား (၂)ယောက်တွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် အသင်းများနှင့် အမျိုးသား (၃)ယောက်တွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် အသင်းတို့ကို တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသား ဆုများကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးကာ၊ အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် အသင်းများ နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသော မကွေးမြို့နယ်အသင်းအား တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်ကိုကိုက တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ် ငွေသားဆုများနှင့် တံခွန်စိုက် ဆုဖလားတို့ကို အသီးသီးချီးမြှင့်ပေးခဲ့သည်။
အဆိုပါ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇူလှိုင်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီး မှ ပြိုင်ပွဲဝင်များက အုပ်စု(၄)ခု ခွဲ၍ အမျိုးသားပွဲစဉ် အဖြစ်(၂)ယောက်တွဲ၊ (၃)ယောက်တွဲနှင့် (၄) ယောက်တွဲ ပွဲစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။






