မကွေး ဇူလိုင် ၁၆
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုသိပ္ပံ (မကွေး) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သူနာပြုသိပ္ပံ(မကွေး) မြတ်ပညာခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တရား လွှတ်တော်တရားသူကြီးချုပ်၊ လွှတ်တော်ဒု-ဥက္ကဌနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သူနာပြုဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများတက် ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတကြီးမှ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတို့မှ သူနာပြုသိပ္ပံ ၁၅ ကျောင်းအား တပြိုင်နက်တည်း ချီးမြှင့်ဖွင့်လှစ်ပေးသည့် အခမ်းအနားအား Virtual ဖြင့်တက်ရောက်ကြသည်။
ဆက်လက်၍ သူနာပြုသိပ္ပံ(မကွေး)ဖွင့်ပွဲ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အဖွင့်အမှာစကား ပြောကြားရာတွင် သူနာပြုနှင့် သားဖွား သင်တန်းကျောင်းအဖြစ် ၁၉၉၄ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း ၃၂ နှစ်ကြာ သမိုင်းကြောင်းရှိခဲ့သည့် ဤကျောင်းတော်ကြီးအား ယနေ့တွင် သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ် ပေးနိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊ လက်ရှိတွင် သင်တန်းသား၊ သင်တန်းသူ ၃၂၄ ဦးအား သင်ကြားရေး ဆရာ ၁၃ ဦးက သင်ကြားရေးနှင့် စီမံခန့်ခွဲရေးကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ဆေးရုံများတွင် လူနာပြုစု စောင့်ရှောက်မှု အရည်အသွေး ကို မြှင့်တင်ရန်ရည်ရွယ်၍ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် သူနာပြုသိပ္ပံ ၁၅ ခုကို အစိုးရသစ် ရက်ပေါင်း ၁၀၀ စီမံချက်ဖြင့် အဆင့်မြှင့်တင်ခဲ့ရာ ယနေ့တွင် နိုင်ငံတော်သမ္မတကြီးမှ တပြိုင်နက်တည်း ချီးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနသည် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ ရောဂါဘယကင်းရှင်းရေးနှင့် ပြည်သူများ၏ ကျန်းမာသော မျှော်မှန်းသက်တမ်း တိုးမြှင့်လာစေရေးတို့အတွက် အမျိုးသား ကျန်းမာရေး စီမံကိန်းနှင့်အညီ အရည်အသွေးပြည့်မီသည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ ကို အလုံအလောက် လေ့ကျင့်မွေးထုတ် ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ပြည်သူဗဟိုပြု လူတိုင်း လက်လှမ်းမီနိုင်သော ကျန်းမာရေး စောင့်ရှောက်မှုစနစ်(Universal Health Coverage)ကို အကောင် အထည်ဖော်ရန် အရည်အသွေး ပြည့်မီသော ဝန်ထမ်းများကို စဉ်ဆက်မပြတ် မွေးထုတ် ပေးလျက်ရှိပြီး သူနာပြုနှင့်သားဖွားများသည် ပြည်သူနှင့် ကျန်းမာရေးစနစ် အကြားယုံကြည်မှု ပေါင်းကူးတံတားအဖြစ် ရပ်တည်နေလျှက်ရှိပါ ကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် သက်ကြီးလူဦးရေ တိုးလာမှု၊ မကူးစက်နိုင်သော ရောဂါများနှင့် ကူးစက် ရောဂါအသစ်များ ဖြစ်ပွားလာမှုစသည့် စိန်ခေါ်မှုများကြောင့် ပိုမိုခံနိုင်ရည်ရှိသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဖြစ်ရန် သူနာပြုနှင့် သားဖွားစွမ်းအားစုကို မဟာဗျူဟာကျကျ တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ သူနာပြုသိပ္ပံ (မကွေး) အနေဖြင့် သူနာပြုပညာ အရည်အသွေးကို နိုင်ငံတကာ စံနှုန်း များနှင့် အညီမြှင့်တင်ရန်နှင့် နိုင်ငံအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သင်တန်း သားများအား အရည်အသွေး ပြည့်ဝသော ပညာရှင်များဖြစ်လာစေရန် စေတနာ၊ ဝါသနာ၊ တာဝန်ယူမှု တို့ဖြင့် လေ့ကျင့်သင်ကြား ပေးရန်ဖြစ်ပြီး၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့်လည်း သူနာပြု အလုပ်ကို မြင့်မြတ်သော တာဝန် တစ်ရပ်အဖြစ် ခံယူကာ ပညာ၊ ကျင့်ဝတ်၊ စည်းကမ်းနှင့် လူသားချင်း စာနာမှုတို့ကို အမြဲလက်ကိုင်ထား ကြရန်လိုအပ်ပြီး တိုင်းဒေသကြီးအစိုးရ အနေဖြင့်လည်း ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ် အရည်အသွေး မြင့်မားစေရေးတို့အတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူတို့က သူနာပြုသိပ္ပံ (မကွေး)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ ကဗ္ဗည်းမော်ကွန်း ဆိုင်းဘုတ်အား အမွှေးနံသာရည်ဖြင့် ပက်ဖြန်းပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် သူနာပြုသင်တန်းကျောင်းအတွင်းရှိ စာသင်ခန်းများ၊ လက်တွေ့သင်ကြားရေးအခန်းများ၊ စာကြည့်တိုက်နှင့် သင်တန်းသား/သူများ၏ အိပ်ဆောင်၊ စားသောက်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




