မကွေး ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ(ဒေသဆိုင်ရာ ကော်မတီ)နှင့် ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ မကွေးစက်မှုဇုန် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၊ မကွေးစက်မှုဇုန် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေအား ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသဆိုင်ရာကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူ များနှင့် အတူ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများအား မကွေးစက်မှုဇုန် စီမံကိန်းလုပ်ငန်း ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေး ကော်မတီ(ဒေသဆိုင်ရာကော်မတီ)တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူတို့က အဆောက်အဦးများ ဆောက်လုပ်ခြင်း Survery တိုင်းတာခြင်း၊ သတ်မှတ်အတိုင်းအတာ အကွက်ဖော်တိုင်းတာခြင်း၊ လမ်းအူကြောင်းဖော် တစ်ကြောင်းထိုးလုပ်ငန်း၊ မြေသားတာဘောင်တင် ခင်းခြင်းလုပ်ငန်းများအား အချိန်နှင့် တပြေးညီ ဆောင်ရွက်ခဲ့မှုများ၊ ဆောင်ရွက်မှုလုပ်ငန်းအလိုက် လုပ်ငန်းတိုးတက်ပြီးစီးမှု အခြေအနေနှင့် စီမံကိန်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် စံနှုန်းများနှင့်အညီ သတ်မှတ်ကာလပြီးစီးရေး မှာကြားကာ၊ စက်မှုဇုန် အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးမြို့စက်မှုဇုန်ကို နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့် အညီ စနစ်တကျ စီမံထူထောင်၍ ဒေသတွင်း သာမက ပြည်တွင်း/ ပြည်ပရှိ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်စေရန်၊ မကွေးမြို့အတွင်းရှိ စက်မှုလုပ်ငန်းများကို စက်မှုဇုန်အတွင်း အခြေချ လုပ်ကိုင်ဆောင်ရွက်လာစေရန်နှင့် စက်မှုလုပ်ငန်း များကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရေး၊ လျော့နည်းစေရေးအတွက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့် အညီ စနစ်တကျ စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးမြို့စက်မှုဇုန် တည်ထောင်ဆောင်ရွက် ခြင်းဖြင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း တိုးမြှင့်လာ စေပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ စက်မှုဇုန် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်စီမံကိန်း Site Cleaning၊ Survey တိုင်းတာ ဆောင်ရွက်မှု၊ မြေကွက်တိုင်းတာချထားပေးမှု၊ လက်ရှိ စက်မှုဇုန်တွင် လုပ်ငန်းလုပ်ကိုင်ရန် လုပ်ငန်းရှင် များမှ လုပ်ငန်းပြင်ဆင်ဆောင်ရွက်မှု အခြေအနေများနှင့် လမ်းအူကြောင်းဖော် လုပ်ငန်းများ၊ စက်မှုဇုန် အတွင်းလမ်းများ ပြီးစီးဆောင်ရွက်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
မကွေးမြို့စက်မှုဇုန်သည် မကွေး-တောင်တွင်းကြီးကားလမ်း၏ တောင်ဘက်၊ မိုင်တိုင် အမှတ် (၃၂၅)၊ မကွေးမြို့မှ (၄)မိုင်ခန့်အကွာ၊ မကွေးကွန်ပျူတာတက္ကသိုလ်မှ (၇)ဖာလုံခန့်အကွာ၊ မကြီးကန် ဓာတ်အားခွဲရုံမှ ၁.၅ မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး အမှတ်(၅)စက်မှုသင်တန်းကျောင်း၊ တာတာ ကားစက်ရုံတို့နှင့် ဆက်စပ်လျက်တည်ရှိပြီး(၄၆၁.၁၄)ဧက ကျယ်ဝန်းကာ၊ စက်မှုဇုန် မြေနေရာ၏ တောင်ဘက်ခြမ်း ၁ မိုင် ၄ ဖာလုံခန့် အကွာတွင် ဧရာဝတီမြစ် တည်ရှိသဖြင့် နောင်အနာဂတ် စက်မှုဇုန် ဖွံ့ဖြိုးလာသည့် အချိန်တွင် ကုန်တင်၊ ကုန်ချဆိပ်ကမ်းငယ် တစ်ခု ဆောင်ရွက်ခြင်းဖြင့် ကုန်စည် စီးဆင်းမှု အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။






