မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်း ပေါင်းစုံ အသက်(၁၄)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်း ပေါင်းစုံ အသက်(၁၄)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး   ဇူလိုင်   ၁၇

၂၀၂၆-၂၀၂၇ ပညာသင်နှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ PUBG Mobile Company နှင့် ရုပ်ရှင်သရုပ်ဆောင် နေထူးနိုင်တို့၏ ကူညီထောက်ပံ့မှုတို့ဖြင့် ကျင်းပပြုလုပ်သော မကွေး တိုင်းဒေသကြီး အခြေခံပညာရေးမိသားစုဖလား အသက်(၁၄)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်း‌ဒေသကြီး အားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ PUBG Mobile ကုမ္ပဏီနှင့် ရုပ်ရှင်သရုပ်ဆောင် နေထူးနိုင်နှင့် အဖွဲ့များ၊  အုပ်ချုပ်သူနည်းပြများ၊ ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ကြသည်။

          ဦးစွာ အခြေခံပညာကျောင်းပေါင်စုံ ပြိုင်ပွဲဝင် ဘောလုံးအသင်းများက  တိုင်းဒေသကြီးဝန်ကြီး ချုပ်အား စစ်‌ကြောင်းပုံဖြင့် ချီတက်အလေးပြုကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို PUBG Mobile ကုမ္ပဏီနှင့် ရုပ်ရှင်သရုပ်ဆောင် နေထူးနိုင်တို့အဖွဲ့၏ ထောက်ပံ့မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ကျင်းပခြင်းဖြစ်ပြီး မြို့နယ် (၁၈)မြို့နယ်မှ တစ်ဆင့် ခရိုင်လက်ရွေးစင်အသင်း(၆)သင်း စနစ်တကျ ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်၏ ရေရှည်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ကျောင်းသားလူငယ်များကို ဗလ(၅)တန်နှင့် ပြည့်စုံပြီး စည်းကမ်းကောင်းမွန်ကာ ကျန်းမာကြံ့ခိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် လေ့ကျင့် ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသားများအနေဖြင့် Screen Time (ဖုန်းကြည့်ချိန်) လျော့ချနိုင်ခြင်း၊ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိခြင်း နှင့် ပညာရေးဌာန၏ Football For School အစီအစဉ်ကိုလည်း အထောက်အကူ ပြုစေကြောင်း၊ လူငယ်များ၏ အားကစားကဏ္ဍ မြှင့်တင်ရန် အခြားလုပ်ငန်းရှင်များနှင့် ပြည်သူလူထု တစ်ရပ်လုံးက လည်း ပူးပေါင်းပါဝင် အားပေးကြရန် လိုအပ်ကြောင်း၊ ကျင်းပရေးနှင့် ဒိုင်အဖွဲ့အနေဖြင့် ဘက်လိုက်မှု ကင်းကင်းဖြင့် တရားမျှတစွာဆုံးဖြတ်ရန်နှင့် ကျောင်းသားကစားသမားများ အနေဖြင့် လည်း အားကစားသမားကောင်း စိတ်ဓာတ်ဖြင့် သန့်ရှင်းစွာ ယှဉ်ပြိုင်ကြရန်၊ အားကစားထူးချွန် ခြင်းသည် မိမိနှင့် မိမိဒေသ၊ နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်ရာရောက်ပြီး ကျန်းမာကြံ့ခိုင်သောကိုယ် ခန္ဓာဖြင့် အနာဂတ်တာဝန်များကို သယ်ပိုးနိုင်မည်ဟု ယုံကြည်ကြောင်း တိုက်တွန်းမှာကြားကာ၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေး သည်။

          ထို့နောက် အလှူရှင် ရုပ်ရှင်သရုပ်‌ဆောင် နေထူးနိုင်က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်‌တို့က ထောက်ပံ့ငွေများ အသီးသီး  လှူဒါန်း ပေးအပ်ကာ၊ ကျောင်းသူလေးများက "ထာဝရမြန်မာ" ၊  " အာရှမြန်မာ" သီချင်း နှင့် PE (22) Fitness Exercise အကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး အခြေခံပညာရေးမိသားစုဖလား အသက်(၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် (ပခုက္ကူ)ခရိုင် နှင့်(မကွေး)ခရိုင် လက်ရွှေးစင်အသင်း တို့ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှူအားပေးသည်။

          အဆိုပါအခြေခံ ပညာကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလှိုင် ၁၇ ရက် နေ့မှ ၂၀ ရက်နေ့ထိ အုပ်စု(၂)စုခွဲ၍ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး၊ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း